၂၁
ကောက်ပင် စိမ်းလဲ့လဲ့
ဗီလုံး ကောင်းကင်ပျံတက်ရဲ့
ဟိုမှာ ဆင်းပြန်ခဲ့။ ။
အိုနစ်တစုရ
စိမ်းလန်းသော
ကောက်ပင်တို့အကြားမှ ဗီလုံးငှက်သည် မိုးပေါ်သို့ ပျံတက်သွားသည်။ ထို့နောက်
မိုးပေါ်မှ ကောက်ပင်တို့အကြားသို့ ဆင်းပြန်ခဲ့သည်။ ဇာတိရပ်ရွာ ချက်မြှပ်ရာ
စွဲလန်းမှုရှိပုံကို သရုပ်ဖေါ်ထားပုံရသည်။
_____________________________________________
၂၂
ပန်းလှ ကန်စွန်းနွယ်
ရေငင်ပုံးကြိုး သူကပ်တွယ်
ရေကိုတောင်းယူတယ်။ ။
ချိယို(၁၇၀၁-၁၇၇၅)
အမျိုးသမီးစာဆို
ချိယို၏ အထက်ပါကဗျာကို ဖတ်ကြည့်ပါ။ ပထမနှစ်ကြောင်းနှင့်
နောက်ဆုံးအကြောင်းတို့ မည်သို့ဆက်သွယ်မှုရှိသည်ကို စဉ်းစားကြည့်ပါ။
ဟိုက္ကူလောကတွင် ဤကဗျာသည် ထင်ရှားပါသည်။ ရိုးရာအတွေးအခေါ်တို့ကြားတွင်
ကြီးပြင်းလာကြသော ဂျပန်တို့ကား ဤကဗျာကို လွယ်လွယ်နှင့် နားလည်ကြပုံရပါသည်။
နားလည်၍လည်း နှစ်သက်ကြပုံရပါသည်။ ဤကဗျာကိုသရုပ်ဖေါ်သည့်
ပန်းချီကားများကိုလည်း တွေ့ရဖူးပါသည်။
နံနက်စောစော
ရွာသူအမျိုးသမီးငယ်တစ်ဦး ရေခပ်ထွက်လာသည်။ ရေတွင်းသို့ရောက်၍ ရေငင်ရန်
ရေပုံးကိုကြည့်လိုက်သောအခါ ရေပုံးကြိုးတွင် ကန်စွန်းနွယ်တစ်ပင်
တွယ်တက်နေသည်ကို တွေ့ရသည်။ ကန်စွန်းနွယ်ပန်းပွင့်ကလေးသည်
နံနက်နေရောင်အောက်တွင် လန်းရွှင်နေသည်။ ဤကြိုးကိုဆွဲ၍ ဤရေပုံးနှင့်
ရေငင်လျှင် ဤကန်စွန်းနွယ်ကလေး ပြတ်ရှာတော့မည်။ သဘာဝအလှကို မြတ်နိုးသော
အမျိုးသမီးငယ်သည် နောက်ဆုံး၌ အိမ်နီးခချင်း မိတ်ဆွေထံမှ ရေတောင်းယူုကာ
အိမ်ပြန်သွားပါတော့သည်။
ချိယိုသည်
ဂျပန်အမျိုးသမီးစာဆိုတို့တွင် လူကြိုက်အများဆုံးဖြစ်သည်ဟု သိရပါသည်။
သူ့အတ္ထုပ္ပတ္တိတွင် လွမ်းစရာ၊ ဆွေးစရာ၊ စိတ်ဝင်စားစရာ ပါးစပ်ရာဇ၀င်ခန်း
အများအပြားပါဝင်နေသဖြင့် တကယ့်အဖြစ်မှန်ကို သိဖို့ရန် ခက်လှသည်ဟု
စာပေသမိုင်းဆရာတို့က ရေးကြသည်။
ချိယိုသည်
၁၆ နှစ်သမီးအရွယ်လောက်ကစ၍ စာဆိုခဲ့သည်။ ဆရာမရှိ။ မိမိဘာသာ စာဆိုနေရာတွင်
နောင်သောအခါ ဟိုက္ကူဆရာကြီးများနှင့်တွေ့၍ နည်းနာနယ သြ၀ါဒတို့ကို
ခံယူပါသည်။ အိမ်ထောင်ပြုရာ၌ နှစ်အနည်းငယ်အတွင်း ခင်ပွန်းဆုံးသဖြင့်
ချိယိုသည် ခေါင်းတုံးရိတ်ကာ သီလရှင် လုပ်ပါသည်။ ဟိုက္ကူများကိုလည်း
ဆက်ရေးပါသည်။
ချိယို၏ အခြားကဗျာများကို ဆက်လက်ဖတ်ကြည့်ပါဦး။
_____________________________________________
၂၃
ချိုးသောသူတို့အား
ရနံ့ထုံကြိုင် လှိုင်လို့သွား
မက်မန်း ပန်းပွင့်များ။ ။
ချိယို
ပန်းမရှိသော
ဆောင်းဥတု၊ အလွန်အေးသော ဆောင်းဥတုကုန်ဆုံး၍ ပန်းများဝေဆာသော နွေဦးရာသီ၊
နေဖြင့် နွေးသော နွေဦးရာသီ ရောက်လာပြီ။ သင်းသင်းပျံ့ပျံ့မွှေးသော
မက်မန်းပွင့်များသည် နွေဦးပေါက်လျှင် ပင်လုံးကျွတ် ပွင့်ကြပြီ။ လူများ
အိမ်ပြင်သို့ထွက်၍ ပန်းအလှကို ကြည့်ကြပြီ။ နေအငွေ့ကို လှုံကြပြီ။
သို့သော်လည်း ပန်းပွင့်ကို ခူးသူ၊ ပန်းခက်ကို ချိုးသူ၊ ပန်းကိုင်းကိုဖြတ်သူ
ဟူ၍ အလွန်တွေ့ရခဲသည်။ ပန်းချုံနားတွင်ထိုင်၍၊ ပန်းပင်အောက်တွင်ခို၍
သီချင်းဆိုကြမည်။ တူရိယာ တီးကြမည်။ စားကြသောက်ကြ ကစားရွှင်မြူးကြမည်။ ဤကား
ပန်းရှုသဘင် လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။ သို့သော်လည်း အင်းကြီးလျှင်
ငါးစုံသည် ဆိုသကဲ့သို့ လူကောင်းကြားတွင် လူဆိုးလည်းပါရမည်ပင်။ တချို့
လက်အငြိမ်မနေနိုင်သူတို့သည် ပန်းပွင့်ကို ခူးကြသည်။ ပန်းခက်ကို ချိုးကြသည်။
ပန်းကိုင်းကို ဖြတ်ကြသည်။ ဤသို့ အရိပ်နေ၍ အခက်ချိုးသူကို ချိယိုမြင်သည်။
ချိယို စိတ်ဆိုးသလား။ ဒေါသထွက်သလား။ ဝေးစွ။ မက်မန်းပင်ကိုယ်စား သူက ၀င်၍
ခွင့်လွှတ်လိုက်သေးသည်။ ပန်းချိုးသူ၏ လက်ကို မက်မန်းနံ့ကလေး စွဲသွားပါစေတဲ့။
_______________________________________________
၂၄
အသံမရှိလျှင်
ဗျိုင်းဖြူ ကိုယ်ရောင်ပျောက်မည်ပင်
မနက် နှင်းဖွေးပြင်။ ။
ချိယို
ညကကျသော
နှင်းပွင့်နှင်းခဲတို့ဖြင့် ဖွေးဖွေးဖြူနေသည့် ကွင်းပြင်ထဲတွင်
ဗျိုင်းဖြူများသည် လည်တံရှည်ကြီးတွေ တငေါက်ငေါက်နှင့် လှုပ်ရှားသွားလာ
အစာရှာနေကြသည်။ နှင်းအဖြူနှင့် ဗျိုင်းအဖြူမှာ အဖြူချင်းတူ၍
ခွဲခြားရဖို့မလွယ်ပါ။ အဝေးကလှမ်းကြည့်လျှင် ဗျိုင်းဖြူများရှိနေသည်ဟု
သိနိုင်မည် မထင်ပါ။ သို့သော်လည်း ခြေတံရှည်နှင့် ခြေလှမ်းခိုက်
တစ်ချက်တစ်ချက် အော်လိုက်သဖြင့် ဗျိုင်းဖြူရှိမှန်း သိရသည်။ ဤအချက်ကို
သတိပြုမိ၍ ချိယိုသည် ဟိုက္ကူကိုရေးသည်။ ဤဟိုက္ကူသည် ကဗျာမဟုတ်ပါဘူးဟု
ပြောလိုသူတို့ရှိပါသည်။ သို့သော်လည်း ချိယိုသည် ချစ်ခင်စဖွယ်၊
နှစ်သက်စဖွယ်၊ ကညာဆန်သော ဟိုက္ကူများကို ရေးသည်မှာ ငြင်းစရာ မဟုတ်ပါဟု
စာပေပညာရှင်များက ဆိုပါသည်။
___________________________________________________
၂၅
စမ်းချောင်းတစ်လျှောက်ကြီး
မှောင်အတိသာ တွေတွေစီး
ပိုးစုန်းရောင်ငြီးငြီး။ ။
ချိယို
လကွယ်နေ့ည
မိုးမှောင်ကျခိုက် သန်းခေါင်ယံအချိန်တွင် သီလရှင်စာဆိုမယ် ချိယိုသည်
မိမိသီတင်းသုံးရာ တောင်ကမ်းပါး သီလရှင်ကျောင်းမှ တောင်ကြား
စမ်းချောင်းကလေးကို ငုံ့ကြည့်လိုက်သည် ဆိုကြပါစို့။ မှောင်နေသဖြင့်
ရေစီးကြောင်းကို မမြင်ရ။ စမ်းချောင်းဝဲယာရှိ ချုံငယ်ပိတ်ပေါင်းတို့တွင်
မှိတ်တုတ်မှိတ်တုတ် တောက်စားနေကြသော ပိုးစုန်းကြူးတို့ကိုသာ
စမ်းချောင်းအလိုက် ကောက်ကောက်ကွေ့ကွေ့မြင်ရသည်။ စာဆို၏ ကဗျာဥာဏ်တွင်
ဤကောက်ကောက်ကွေ့ကွေ့ မှိတ်တုတ်မှိတ်တုတ် ပိုးစုန်းရောင်သည် တတွေတွေ
တလက်လက်စီးနေသော အမှောင်စီးကြောင်း ဖြစ်နေသည်။ ညဥ့်မှောင်တွင်
ပိုးစုန်းရောင်ကို သတိပြုကြည့်ပါ။ ချိယိုကဲ့သို့ မြင်လာပါလိမ့်မည်။
_________________________________________________
၂၆
ဖိုးလမင်း သာသာ
ထွေးခံသွန်ဖို့ နေရာရှာ
မှောင်ရိပ် မတွေ့ပါ။ ။
ဖုဂျိုကု(သက္ကရာဇ်မသိ)
ဤတွင်
ထွေးခံဆိုသည်မှာ ဂျပန်စကား ဟအိဖုကိ ဖြစ်ပါသည်။ တံတွေးထွေးစရာ ထွေးခံလည်း
ဖြစ်သည်။ ဆေးတံပြာစွန့်ရာ ပြာခွက်လည်း ဖြစ်သည်။ အလွန်ကဗျာမဆန်သော
ပစ္စည်းတစ်ရပ်ပင်။ သို့သော်လည်း လ၀န်း၏အလင်းရောင် ပြည့်ဝသည့်အဖြစ်ကို
ပြလိုသော စာဆိုဖုဂျိုကုသည် ထွေးခံသွန်ရန် မှောင်ရိပ်ကွက်ကွက်မျှကိုပင်
မတွေ့ရပါဟု အလင်းကို အမှောင်ကပ်၍ ဖွဲ့ဆိုလိုက်ခြင်းဖြစ်ပါသည်။
တစ်မျိုးအားဖြင့်လည်း
သူတို့ပြာခွက်သည် မြန်မာတို့ ကွမ်းအစ်နှင့်လည်းကောင်း၊
လက်ဖက်ရည်ကြမ်းအိုးနှင့် လည်းကောင်း သဘောချင်းတူပါသည်။ လသာသာတွင်
စိတ်တူသဘောတူ ဂျပန်အရပ်သားတစ်စု ပြာခွက်ကို ၀ိုင်းထိုင်ကာ ဆေးတံသောက်လိုက်၊
တံတွေးထွေးလိုက်၊ ပြာကိုခေါက်ထည့်လိုက်၊ ထွေရာလေးပါး စကားပြောလိုက်နှင့်
စိတ်သဘော ညီညွတ်ရင်းနှီးနေပုံကို ဤကဗျာဖြင့် သရုပ်ဖေါ်ထားသည်ဟုလည်း
အဓိပ္ပါယ် ကောက်ကြပါသည်။
__________________________________________
၂၇
နွေဦး ကျွန်ုပ်တဲ
ဘာမျှမရှိ အဟုတ်ပဲ
အားလုံးရှိတာပဲ။ ။
ဆိုဒိုး(၁၆၄၃-၁၇၁၆)
အခါမှာ
နွေဦးရာသီ။ နေရာမှာ စာဆို ဆိုဒိုး၏ တဲကုပ်။ အခြေအနေမှာ စားစရာ သောက်စရာ
ဝတ်စရာ ဘာမျှမရှိသော အခြေအနေ။ ဘာမျှမရှိပါဟု ဆိုသော်လည်း
မင်္ဂလာနွေဦးပေါက်ရာသီ ဆိုသည်ကား အလွန်သာယာသည်။ နေပွင့်သည်။ ပန်းဝေသည်။
ကျေးငှက်တိရိစ္ဆာန် ပျော်မြူးသည်။ စားစရာမရှိလည်း ကိစ္စမရှိ။
သောက်စရာမရှိလည်း ကိစ္စမရှိ။ ၀တ်စရာမရှိလည်း ကိစ္စမရှိ။ နွေဦးမင်္ဂလာတွင်
အားလုံးပါလာပါသည်ဟု မိမိ၏ ကျေနပ်နှစ်သိမ့်ခြင်းကို ဆိုဒိုး
ကျူးရင့်ခြင်းဖြစ်ပါသည်။
__________________________________________________
၂၈
ငါ့ကို ရှေ့ဆောင်ကာ
ငါ့ကိုယ်ရိပ်က အိမ်ပြန်လာ
စန်းရှုပွဲအခါ
ဆိုဒိုး
သဘာဝအလှက်ု
မြတ်နိုးခြင်းသည် ဂျပန်တို့၏ ၀ါသနာကြီးတစ်ရပ်ဖြစ်သည်။ ဆိုဒိုး၏
မြတ်နိုးမှုမှာ ထူးကဲသည်။ အထက်က နွေဦးကဗျာကိုကြည့်ပါ။ ယခု
လပြည့်ဝန်းသာသည်ကို ဖွဲ့ဆိုပြန်သည်။ ဂျပန်ပြည်၌ လပြည့်နေ့များတွင်
လပြည့်ဝန်းကို ထွက်၍ကြည့်လေ့ရှိသည်။ စန်းရှုသဘင်ဟု ခေါ်ရပါမည်။ ဆိုဒိုးလည်း
ထွက်ကြည့်သည်။ လပြည့်ဝန်းသည် အနောက်ဖက်သို့စောင်း၍
အချိန်ကုန်သည့်တိုင်အောင် ကြည့်နေဟန် ရှိသည်။ ယခုသူပြန်လာသောအခါ သူ့အရိပ်က
ရှေ့ဆောင်သွားသည်။ သူက အရိပ်ကိုနင်း၍ လိုက်လာသည်။ ကြံကြံဖန်ဖန်ပင် မြင်တတ်
ကြည့်တတ် ရေးတတ်ပါပေသည်။
_______________________________________________
၂၉
ကောက်စိုက်မယ်တို့မှာ
ရွှံ့မပေတာတစ်ခုသာ
သူတို့တေးသံပါ။ ။
ရအိဇန်(၁၆၅၃-၁၇၁၆)
စက်မှုပညာအရ
ထိပ်တန်းရောက်နေသော ဂျပန်ပြည်တွင် ယနေ့လည်း ကောက်စိုက်သမများ
ကောက်စိုက်နေသည်ကို မြင်ရပါသေးသည်။ ဇွန်လ ၁၄ ရက်နေ့တွင် အိုဆာကာမြို့
စုမိယောရှိ သျှင်တိုကျောင်းဝန်းထဲ၌ ကောက်စိုက်ပွဲ ကျင်းပပါသည်။
ကျေးလက်တောရွာရှိ လယ်ကွင်းကျဉ်းကျဉ်းများတွင်လည်း အမျိုးသမီးများ
ကောက်စိုက်ဆဲရှိသည်ကို ရုပ်မြင်သံကြားတွင် တွေ့ဖူးပါသည်။ ကောက်စိုက်ရာတွင်
ဆိုသည့်သီချင်းကိုလည်း ကြားဖူးပါသည်။ အထက်ပါဟိုက္ကူသည်
ကောက်စိုက်မယ်အကြောင်းကို စာဆို ရအိဇန် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
တမန်းထဲတွင် ကောက်စိုက်နေသည့် ကောက်စိုက်မယ်တစ်ဦး၏ပုံကို စဉ်းစားကြည့်ပါ။
ခြေမှာတမန်းနှင့်။ လက်မှာတမန်းနှင့်။ မျက်နှာမှာတမန်းနှင့်။
တကိုယ်လုံးတမန်းနှင့်၊ ရွှံ့နှင့်၊ ဗွက်နှင့်၊ ရစရာမရှိ။ သို့သော်လည်း
သူဆိုလိုက်သော ကောက်စိုက်တေးမှာကား သာယာပါဘိသည်။ ချစ်စဖွယ်ကောင်းပါဘိသည်။
ကြည်နူးစဖွယ် ကောင်းပါဘိသည်။ ကြည်လင်သန့်ရှင်း အပြစ်ကင်းပါဘိသည်။ စာဆို
ရအိဇန်၏ နှလုံးသည် ကောက်စိုက်မယ်၏ တေးသံတွင် အရည်ပျော်၍ အထက်ပါဟိုက္ကူအဖြစ်
ထွက်ပေါ်လာပါတော့သည်။ ရွှံ့မပေသာတေး။ ဗွက်မလိမ်းသောတေး။ တမန်းမကျံသောတေး။
ကောက်စိုက်မယ်၏တေး။
________________________________________________
၃၀
ပန်းသာဆိုရင်ကွယ်
တေးတစ်ကျော့ကို ခူးမိမယ်
အိုငှက် ဥသြရယ်။ ။
ကိုဒိုး(၁၇၃၈ တွင် ကွယ်လွန်)
၁၇၃၈
ခုနှစ်တွင် ကွယ်လွန်သော စာဆိုကိုဒိုး၏ ဟိုက္ကူ။ ဥသြအသံကို ကြားရသောအခါ
ပန်းခက်ပန်းခိုင်ကို ပြေး၍မြင်သည်။ သဒ္ဓါရုံနှင့် ရူပါရုံကို
တစ်ချက်တည်းခံစားရသည်ကို ထုတ်ဖေါ်ထားသည်။ ဥသြငှက်၏ သာယာသောမြည်သံသည်
ပန်းခိုင်ပန်းခက်သာ ဖြစ်ပါမူကား တစ်ပွင့်တစ်ညှာလောက်ကို
ခူးဆွတ်မိလိမ့်မည်ဟု ဥသြသံကို ထင်ပေါ်အောင် တင်စားဖွဲ့ဆိုထားပါသည်။
___________________________ဆက်ပါဦးမယ် _________________________
0 comments:
Post a Comment