ဟိုက္ကူကဗျာ မြည်းစရာ(၅)

၃၁
နှင်းမှုန်ရီထဲက
တစ်ချက်တစ်ချက် ပြူထွက်ပြ
လှေငယ်ရွက် ဖြူဆွ။     ။
ဂကိုကု(၁၈ ရာစု စောစောပိုင်း)

၁၈ရာစု ခေတ်ဦးက စာဆိုဂကိုကု၏ ဟိုက္ကူ။ ထူးထူးခြားခြားမဟုတ်။ မြင်ကွက်ကလေးတစ်ခုကို ဖမ်း၍ မှတ်တမ်းတင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုချင်လျှင် ဆိုနိုင်ပါသည်။ သို့သော်လည်း တွေးလျှင်ကား ဤသို့မြင်နိုင်ပါသည်။ နှင်းပိတ်အောင်ဝေနေသည်။ တောကိုလည်း မမြင်ရ။ တောင်ကိုလည်း မမြင်ရ။ မိမိ မျက်နှာမူရာ လေးငါးလှမ်းအကွာကိုမျှ မမြင်ရ။ မြစ်ထဲချောင်းထဲ ပင်လယ်ထဲတွင်ကား ပြောစရာမရှိတော့ပြီ။ ထိုအခြေအနေမျိုးတွင် မည်သူမျှ အလုပ်ဆင်းမည်မဟုတ်။ ကျေးငှက်မျှလည်း တွန်မည်မဟုတ်ဟု ထင်ဖွယ်ရှိသည်။ သို့သော်လည်း သတ္တ၀ါတို့ကား လှုပ်ရှားနေနိုင်မှ စားဝတ်နေရေး ဖူလုံမည်။ ပူလွန်းသည်၊ အေးလွန်းသည်၊ ရက်ရာဇာ ပြဿဒါး ရွေးနေ၍မဖြစ်။ အလုပ်ခွင်ဝင်ရမည်ပင်။ ယခုလည်း နှင်းတောထဲတွင် လှေရွက်ကို မကြာခဏ မြင်ရသည်။ ရေလုပ်သားများ ငါးရှာရန် ပင်လယ်ထဲ ရွက်လွှင့်သွားနေကြသည်တကား။
 ________________________________________

၃၂
ဆန်မရှိတဲ့အခါ
ဘူးလည်သီးခြောက်အထဲမှာ
သမီးလှပန်းပါ။     ။
ဗသျှိုး (၁၆၄၄-၁၆၉၄)

ဗသျှိုး၏ ကဗျာတစ်ပုဒ်။ ဗသျှိုးသည် ဆမူရအိ သူရဲကောင်းမျိုးဝင်ဖြစ်သည်။ ကံကျွေးချ အရှင်တစ်ဦးထံတွင် အမှုထမ်းသည်။ အရှင်၏သားနှင့် ခင်မင်ရင်းနှီးသည်။ ၀ါသနာချင်းတူ၍ ဟိုက္ကူကို အတူတူလေ့လာကြသည်။ ရေးကြသည်။ သို့သော်လည်း အရှင့်သား ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသောအခါ ဗသျှိုးသည် မင်းမှုထမ်းအလုပ်ကို စွန့်၍ ဟိုက္ကူစာဆိုအဖြစ် အသက်မွေးသည်။ လက်ရှိ ဟိုက္ကူဝါဒအတိုင်း ရေးသည်။ တပည့်များကိုသင်ပေးသည်။ ထိုအခိုက်တွင် သဘာဝကို အထူးလေ့လာသည်။ လူ့သဘောကို အထူးနှလုံးသွင်းသည်။ သို့လေ့လာနှလုံးသွင်းရင်း မိမိကိုယ်တိုင် ဟိုက္ကူဝါဒကို တွေ့ရှိပျိုးထောင် မွေးမြူသည်။ တပည့်များကို သင်ကြားပို့ချပေးသည်။
သူ၏အကျင့်မှာ စားဝတ်နေရေးတွင် အလွန်ခြိုးခြံသည်။ ရသမျှနှင့် တင်းတိမ်သည်။ တွေ့သမျှနှင့် ရောင့်ရဲသည်။ တိတ်ဆိတ်ငြိမ်သက်ရာတွင် တဲငယ်ဆောက်၍ စာပေကြည့်ရှု ပြုစုလေ့ရှိသည်။ တစ်ခါတစ်ရံ ရပ်ဝေးသို့ ခရီးရှည်ထွက်၍ ရာဇ၀င်တွင်သော နေရာများ၊ သာသနာဝင်တွင်သော နေရာများကို လှည့်လည်ကြည့်ရှု ကြည်နူးသည်။ ခရီးအတွေ့အကြုံတို့ကို အခြေပြုလျှက် ခရီးသွားမှတ်တမ်းရေးသည်။ ကဗျာဖွဲ့သည်။
အထက်ပါကဗျာသည် သူ၏ဘ၀ကို တစ်စွန်းတစ်စ ဖေါ်ပြသည်။ ဗသျှိုးသည် မိမိ၏၀မ်းရေးအတွက် မိတ်ဆွေများနှင့် တပည့်များကို မှီခိုရသည်။ မိမိ၏တဲအပြင်ဘက်တွင် ဆန်ထည့်ရန် ဘူးလည်သီးခြောက်ကို ထားသည်။ မိတ်ဆွေများ၊ တပည့်များက ဆန်နှင့် တခြားစားဖွယ်တို့ကို ထည့်ကြသည်။ သို့သော်လည်း သရောကြီးခိုင်း၍ ဆန်ရှားသော အခါများ၌ကား ဆန်မထည့်နိုင်ကြ။ ဆန်အစား သမီးလှပန်းဟုခေါ်သော ပန်းကို ထိုးလာကြသည်။ ဗသျှိုးသည် လူအများနည်းတူ မုယောစပါး၊ ကန်စွန်းဥ၊ လယ်ပင် လယ်ရွက်များနှင့် ကျေနပ်နှစ်သိမ့်လေသည်။
 _____________________________________

၃၃
ဆံပင်ဖြူနှုတ်ရာ
ခေါင်းအုံးအောက်က ကြမ်းပြင်မှာ
ပုရစ်အော်နေပါ။     ။
ဗသျှိုး

အိုမင်းပြီဖြစ်သော ဗသျှိုးသည် မိမိလဲလျောင်းရာ တဲအောက်မှ ပုရစ်၏ စိတ်ငယ်ဖွယ်ကောင်းသော အသံကို ကြားရသောအခါ စိတ်ငယ်မိပုံရသည်။
 _______________________________________

၃၄
ငှက်လက်မညိုညို
မျှစ်စို့ ၀ါးရုံတောတခို
ဇရာတေးကိုဆို။     ။
ဗသျှိုး

နွေရာသီ စောစောပိုင်း။ ၀ါးတောတွင် မျှစ်စို့များထွက်နေကြပြီ။ နွေဦးပေါက်အချိန်မှစ၍ ၀ါးခက်တွင်နားကာ ငှက်လက်မကလေး တေးဆိုခဲ့သည်။ ယခု သူ့တေးသံသည် အိုမင်ရင့်ရော်လာပြီ။ အားလျော့ပျော့ညံ့လာပြီ။ သို့သော်လည်း မျှစ်စို့တို့မှာကား ထွားထွားကျိုင်းကျိုင်းနှင့် သန်စွမ်းနုပျို၍ ကောင်းဆဲ။ ငှက်လက်မတေး၏ အိုမင်းခြင်း၊ မျှစ်စို့တို့၏ နုပျိုခြင်း ဤဆန့်ကျင်ဖက်တရားနှစ်ပါးကို ၀ါးရုံ ၀ါးတောလောကတွင် တွဲဖက် ယှဉ်ပြထားသည်။ သတိမပြုလိုကြသော်လည်း မရှောင်သာ မလွှဲသာ ဖြစ်တတ်သည့် လောကဓံတစ်ရပ်ကို နှလုံးသွင်းရန်ဖြစ်သည်။ ဗသျှိုးကိုယ်တိုင်မှာ ရင့်ရော်ပြီ။ တပည့်များမှာ ပျိုမျစ်ဆဲ။ ဗသျှိုး ဆင်ခြင်မိမည်မှာ မလွဲ။
 __________________________________________

၃၅
ဖေဖေ မေမေအား
လွမ်းမိပါတယ် ခါမနား
ရစ်ငှက် အော်သံကြား။     ။
ဗသျှိုး

ရစ်ငှက်သည် သားသမီးငယ်များကို အသက်နှင့်လဲ၍ စောင့်ရှောက်သည်ဟု ဂျပန်များ အယူရှိပါသည်။ စာဆိုကြီး ဗသျှိုးသည် မိမိ၏ ကျောင်းသင်္ခန်းအနီး တောစပ်တွင် စင်္ကြန်လျှောက်၍ သဘာဝအလှကို လေ့လာခံစားနေသည်။ ထိုအခိုက် ချုံပုတ်အထဲမှ ရစ်ငှက်အော်သည်ကို ကြားလိုက်ရသည်။ သားငယ်၊ သမီးငယ်များကို ချစ်သော ရစ်ငှက်။ သားငယ်၊ သမီးငယ်များကို ကာကွယ် စောင့်ရှောက်သော ရစ်ငှက်။ ဤနောက်ကျောခံ အသိတရားသည် ဗသျှိုး၏ ရင်ထဲ၌ ကွယ်လွန်သူ အမိအဖအား သတိရ လွမ်းဆွတ်တတ်သည့်စိတ်ကို နှိုးဆွလိုက်သည်။ ခေါင်းဖြူစွယ်ကျိုးအရွယ်သို့ ရောက်နေလင့်ကစား လူတို့သည် အမိအဖ၏ ချစ်ခင်မှု၊ ကြင်နာမှု၊ ကာကွယ် စောင့်ရှောက်မှုတို့ကို တောင့်တမိကြစမြဲ။ အားကိုးရာမဲ့ အခြေအနေသို့ ရောက်နေသောအခါ အမယ်လေး၊ အဘလေးဟု မတမ်းတသူ ရှိနိုင်ပါမည်လား။ မိဘကျေးဇူး အနန္တ။
 ________________________________________

၃၆
လက်ထဲယူလိုက်လျှင်
မျက်ရည်ပူတွင် ပျော်မည်ထင်
ဆောင်းဦး နှင်းခဲသွင်
ဗသျှိုး

၁၆၈၄ ခုနှစ်တွင် ဗသျှိုးသည် ဇာတိရပ်ရွာသို့ ခဏပြန်ရောက်သည်။အသက် ၄၀ အရွယ်ဖြစ်နေပြီ။ ဗသျှိုးသည် လောကဓံတရားများကို ခံနိုင်ရည်ရှိအောင် ကျင့်ကြံအားထုတ်နေသူ ဖြစ်သည်။ သို့ဖြစ်လင့်ကစား ဇာတိရပ်ရွာတွင် ကွယ်လွန်သူမိခင်၏ ဆံပင်စုကို မြင်ရသောအခါ စိတ်တုန်လှုပ်သွားသည်။ မအောင့်နိုင်အောင်ဖြစ်၍ အထက်ပါကဗျာဖြင့် မှုတ်ထုတ်လိုက်သည်။ မိခင်ဆံပင်ကို လက်ထဲထည့်လိုက်လျှင် လွမ်း၍ကျသော မျက်ရည်ပူတွင် နှင်းခဲအရည်ပျော်သလို ပျော်သွားလိမ့်မည်ထင်ကြောင်း ရေးဖွဲ့ခြင်းဖြစ်သည်။ ၀ဏ္ဏ ၁၇ လုံးမျှဖြင့် ဖွဲ့လိုက်သည့် ကြီးမားကျယ်ပြောသော အလွမ်းဟိုက္ကူပါပေတည်း။ ပူတယ်လေ၊ ဆယ်နေကဲ ဆိုသော မြန်မာသီချင်းနှင့် နင်လား ငါလား ပါပေတည်း။ ဂျပန်ကဗျာက အသေးကိုပြ၍ အကြီးကို မြင်စေသည်။ မြန်မာသီချင်းက အကြီးကိုပြ၍ အကြီးကို မြင်စေသည်။ ဤကား ခြားနားချက်။
 _____________________________________

၃၇
သစ်ကိုင်းခြောက်မှာနား
ကျီးငှက်တစ်ကောင်ပါလား
ဆောင်းဦး ညဥ့်မှောင်ကြား။     ။
ဗသျှိုး

လွန်ခဲ့သော နွေရာသီ၏ အပူဓါတ်နှင့် လာလတ္တံ့သော ဆောင်းရာသီ၏ အအေးဓါတ်တို့ လွန်ဆွဲရာ နေ့ပူ၍ ညချမ်းသည့် ဆောင်းဦးရာသီ ကြားကာလတွင် သစ်ရွက်များကြွေသည်။ မြင်ကွင်းများ ခြောက်သွေ့သည်။ လူအပါအ၀င်ဖြစ်သော သဘာဝလောကကြီးသည် အင်အားဆုတ်ယုတ် နွမ်းလျလျှက်ရှိသည်။ ဆောင်းဦးရာသီ မိုးချုပ်စ ရီဝေမှိုင်းပြသော အချိန်။ အရွက်မရှိ ညှိုးခြောက်နေသော သစ်ကိုင်း။ နက်မှောင်သော ကျီးငှက်။ ဤအချိန်၊ ဤနေရာနှင့် ဤကျီးငှက်တည်းဟူသော ဆေးမည်သုံးခုဖြင့် စိတ်ငယ်ဖွယ်ကောင်းသော ပန်းချီကားကို ဗသျှိုးရေးခြယ်လိုက်သည်။ သပိတ်လွယ် တောင်စကိုင်းဆီက၊ စိတ်ငယ်ဖွယ် အမှောင်ဆိုင်းပြန်တော့၊ မောင်မှိုင်းဖြင့် ပူတော်မူ ဆိုသော သခင်ကိုယ်တော်မှိုင်း၏ စာကို ပြေး၍ သတိရမိစေသည်။ ဂျပန်ကဗျာက စိတ်ငယ်ဖွယ်ဆိုသော စကားကိုမသုံး။ မြန်မာကဗျာက သုံးသည်။ ခြားနားချက်။
________________________________________

၃၈
ခေါင်းဖြူလှိုင်း ဒီရေ
ဝင်းပေါက်ထိအောင် လှိမ့်တက်နေ
ဆောင်းဦး လ၀န်းငွေ။     ။
ဗသျှိုး

ဝင်းတံခါးထိအောင် တ၀ုန်းဝုန်းမြည်ဟီး၍ တက်လာ ပုတ်ခတ်နေသော ဒီလှိုင်းထဲတွင် ဆောင်းဦးရာသီ(သရဒဥတု)၏ လပြည့်ဝန်းအရိပ်သည် လှိုင်းစီး၍တက်လာလိုက်၊ လှိုင်းနှင့်အတူ ကွဲပျက်သွားလိုက် ဖြစ်နေသည်။
ဆောင်းဦးလရောင်သည် လွမ်းစိတ်ဆွေးစိတ်ကို အားပေးလှုံ့ဆော်သည်။ ဗသျှိုး၏ ရင်တွင်းတွင် လ၀န်း၏ တည်ငြိမ်မှုနှင့် ဒီလှိုင်း၏ လှုပ်ရှားမှုတို့ လွန်ဆွဲနေပုံရပါသည်။
 __________________________________________

၃၉
ခမောက်လည်း မပါ
မိုးအေး မိုးချမ်း ရွာလို့လာ
မမှု မမှုပါ။     ။
ဗသျှိုး

လူတို့သည် ပူလျှင်လည်း ပူပြန်ပြီ။ အေးလျှင်လည်း အေးပြန်ပြီ။ ခြောက်လျှင်လည်း ခြောက်ပြန်ပြီ။ စိုလျှင်လည်း စိုပြန်ပြီ။ ကျေနပ်သည်မရှိ။ ဘည်းတတ် တွားတတ်သည်။ ဗသျှိုးကမူ စိတ်ကိုထိန်းသည်။အားကိုတင်းသည်။
မိုးကတဖွဲဖွဲရွာလာသည်။ မိုးဒဏ်ကိုကာကွယ်ရန် ခမောက်မျှလည်း ခရီးသည်ဗသျှိုးမှာ ပါမလာ။သို့သော်လည်း ဗသျှိုးက ဘာဖြစ်သေးလဲ ဟု တင်းခံလိုက်သည်။ အဆိုးတရားကို အသိတရားနှင့် ဆင်ခြင်ကာ ခံနိုင်ရည်ရှိရန် ဗသျှိုးနည်းပြလိုက်သည်။ ခမောက်မပါပဲ၊ မိုအေးမိုးချမ်း စွေမစဲ၊ ဘာဖြစ်သေးလဲ ဟု ပြန်လျှင်လည်း ပြန်နိုင်ပါမည်။
 ____________________________________

၄၀
ခရီးသည်ဟု  ဗျာ
ကျွန်ုပ်အမည် ခေါ်ကြပါ
ဆောင်းတွင်း မိုးဦးရွာ။     ။
ဗသျှိုး

၁၆၈၇ ခု၊ နိုဝင်ဘာလတွင် ဗသျှိုးသည် ဒုတိယအကြိမ် ခရီးရှည်ထွက်ပြန်သည်။ ခရီးထွက်ခါနီး မိတ်ဆွေများနှင့် တပည့်များက သူ့ကို ဧည့်ခံကျွေးမွေး နှုတ်ဆက်ကြသည်။ အထက်ပါဟိုက္ကူသည် ထိုအခါ သူရေးသော ကဗျာ ဖြစ်သည်။
ဗသျှိုးသည် ကျောင်းသင်္ခန်းဆောက်၍ ရသေ့ရဟန်းသဖွယ် ခြိုးခြိုးခြံခြံနှင့် တစ်ကိုယ်တည်းနေရာမှ ခရီးရှည် ထွက်ချင်စိတ် ပေါ်လာ၍ ၁၆၈၄ ခုတွင် တစ်ကြိမ်ထွက်ခဲ့ပြီ။ ယခုတစ်ဖန် ထွက်ပြန်ဦးမည်။ ထို့ကြောင့် မိတ်ဆွေများနှင့် တပည့်များအား သူ့ကို ခရီးသည်ဟူ၍သာ ခေါ်ကြပါတော့ဟု မေတ္တာရပ်ခံပုံရပ်သည်။
ဆောင်းရာသီ၏ ပထမ မိုးတစ်မ ရွာပြီ။ နောက် ဆက်လက်ရွာစရာတွေ ရှိသေးသည်။ နှင်းပွင့်လည်း ကျဦးမည်။ လေအေးလည်း တိုက်ဦးမည်။ သို့သော်လည်း သူမဖြုံပါဘူး။ ခရီးရှည်ကို ဆုံးခန်းတိုင်ရောက်အောင် ထွက်ပါမည်ဟု ဆိုချင်ပါသည်။

____________________ ဆက်ပါဦးမယ် ____________________
 

0 comments:

Post a Comment