၁၁
နှင်းကြောင့် စုတ်ပြတ်ရာ
ရှေးမူဇာတိ ပြန်ပေါ်လာ
ထီးအုံ ရိုးစုပါ။ ။
သျှိုးအိ(သက္ကရာဇ်မသိ)
စာဆိုသျှိုးအိသည်
နှင်းပွင့်နှင်းခဲများ၏ ဒဏ်ရာဒဏ်ချက်ကို မခံနိုင်၍ စက္ကူထီးရွက်
စုတ်ပျတ်ကြွေကျသောကြောင့် ထီးခရိုင် ထီးအုံးအရိုးစုမျှ ကျန်သည်ကိုမြင်၍
ဤကဗျာကို ဖွဲ့ဆိုသည်။ ဆင်းရဲသား သူဌေးဖြစ်သူသည် တစ်ခုခုသော ပရာဂကြောင့်
သူဌေးအဖြစ်မှ လျှောကျရသောအခါ ဆင်းရဲသား ပြန်ဖြစ်ရသည်ကို မြင်၍များ ဤကဗျာကို
တင်စားရေးလေသလား။ စဉ်းစားစရာဖြစ်သည်။ ဤလောကဓံတရားမျိုးကား လောကတွင်
အလွန်ထင်ရှားပါသည်။
_____________________________________________
၁၂
လေပြင်း တိုက်စုရာ
လ၀န်းပုံကြီး ဖြစ်လို့လာ
ပိန်းရွက် နှင်းပေါက်ပါ။ ။
သျှိုးအိ
သျှိုးအိ၏
နောက်ကဗျာတစ်ပုဒ်။ ပိန်းရွက်ပေါ်တွင် အစက်အပျောက်များဖြစ်၍ သီးနေသော
နှင်းစက်နှင်းပေါက်များတွင် လရောင်သည် တလက်လက်ဟပ်ကာ တောင်ပနေသည်။ ထိုအခိုက်
လေပြင်းတိုက်၍ ပိန်းရွက်လှုပ်သောအခါ နှင်းစက် နှင်းပေါက်များသည်
လှုပ်ရှားရွေ့ပြောင်းကာ ပိန်းရွက်အလယ်ကခွက်တွင် စုပေါင်းမိကြသည်။ ထိုအခါ
အကွဲကွဲတောက်ပခဲ့သော လရောင်များသည် စုပေါင်းလာသော နှင်းရည်ကွက်တွင်
လမင်းကြီးပုံ ဖြစ်ပေါ်လာသည်။ ဤအချင်းအရာကို သတိပြုမိ၍ သျှိုးအိသည်
ဤကဗျာကိုရေးသည်။ အကွဲကွဲအပြားပြားဖြစ်နေသော အင်အားကို စုရုံးမိသောအခါ
အင်အားကြီးတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု သင်ကြားပေးနေသယောင်ယောင် ဖြစ်သည်။
_________________________________________________
၁၃
ခြင်တိုင်လုံးများမှာ
မီးခိုးရွှေဖျင်းခံရပါ
နေ၀င်ဖြိုးဖျခါ။ ။
တစုနေနိုရိ(၁၆၈၂ တွင် ကွယ်လွန်)
သစ်တုံးကို
တံစဉ်းဖြင့်ရွေသောအခါ ဖျင်းသောအခါ တဖြည်းဖြည်း ပိန်ကျုံသေးငယ်သွားသည်။
ဤအချင်းအရာကို စာဆို တစုနေနိုရိ သတိပြုမိပုံရသည်။ သူလည်း နွေရာသီ
နေ၀င်ဖြိုးဖျအချိန် တောချုံတို့မှ ခြင်များ အုပ်လိုက်အုပ်လိုက်
ပျံသွားသည်ကို မြင်သည်။ ခြင်ထုကြီးသည် တစ်ကောင်နှင့်တစ်ကောင် ပတ်ချာလှည့်၍
ဝိုင်းကြီးပတ်ပတ်ပျံနေရာတွင် သစ်တုံးကြီး တိုင်လုံးကြီးသဏ္ဍာန်
ဖြစ်ပေါ်လာသည်။ ဤခြင်တပ်ကြီးကိုဖြိုရန် လူတို့က မီးခိုးထည့်သည်။ မီးခိုးသည်
လေတွင်လွင့်တက်၍ ခြင်တိုင်လုံးနှင့် တွေ့မိသောအခါ ခြင်တိုင်လုံးသည်
ပါး၍ပါး၍ ပိန်ကျုံသွားသည်။ ဤသည်ပင် တစုနေနိုရိအတွက် နိမိတ်ပုံဖြစ်လာသည်။
လူတို့၏
ညနေချိန် နေ၀င်ဖြိုးဖျဖြစ်သော အိုမင်းမစွမ်းအရွယ်တွင် ဇရာတရား၊
ဗျာဒိတရားများက ဖိစီး၍ ယိုယွင်းပျက်စီးသည်ကို တွေးခေါ်နိုင်ပါသည်။
__________________________________________________
၁၄
ဆောင်းလေကြမ်း နိဂုံး
ချုပ်လေပြီ ယခုနောက်ဆုံး
ပင်လယ်သံ အုန်းအုန်း။ ။
ဂွန်စုအိ(၁၆၅၀-၁၇၂၂)
ဤကဗျာ၏
ဂျပန်မူရင်းကို ကျနော်နားလည်သမျှ တစ်လုံးချင်းပြန်လျှင်
လေအေးကြမ်း၏အဆုံးသည် ဖြစ်ခဲ့ပြီတကား။ ပင်လယ်၏အသံ ဖြစ်ပါသည်။
မြန်မာပြန်ချက်တွင် အဆာများ ပါရှိနေသည်ကို သတိပြုရန်ရှိပါသည်။
စာဆိုဂွန်စုအိသည် ဤကဗျာဖြင့် နာမည်ထွက်လာသည်ဟု ဆိုပါသည်။ ဤကဗျာသည်
နောင်လာလတ္တံ့သော ဗသျှိုး၏ ကဗျာဝါဒဂိုဏ်းကို ကင်းထောက်သကဲ့သို့ဖြစ်ကြောင်း
စာပေသမိုင်းဆရာတို့က မှတ်ချက်ချပါသည်။
___________________________________________________
၁၅
လေပြည်ညင်းတကား
မိုးလုံးပတ်လည် ပြည့်လျှံသွား
ထင်းရှူးအသံများ။ ။
အိုနစ်တစုရ(၁၆၆၁-၁၇၃၈)
အိုနစ်တစုရဟူ၍လည်းကောင်း၊
ခမိဂျိမ(ဥအေဂျိမ) အိုနစ်တစုရ ဟူ၍လည်းကောင်း အမည်တွင်သော ဆမူရအိ
သူရဲကောင်း စာဆို၏ ကဗျာဖြစ်သည်။ အိုနစ်တစုရ၏ ကဗျာဝါဒမှာ ဂျပန်ဘာသာတွင်
မကိုတို ဖြစ်ပါသည်။ မြန်မာလို အဖြစ်စစ် အဖြစ်မှန်ဟု ပြန်နိုင်မည်
ထင်ပါသည်။ သဘောမှာ အိုနစ်တစုရသည် ကဗျာဖွဲ့ရာတွင် အလင်္ကာ တန်ဆာများမလို။
အဖြစ်ကို အဖြစ်အတိုင်း၊ အတွေ့ကို အတွေ့အတိုင်း၊ စကားရိုးရိုးဖြင့်
မသွယ်မ၀ိုက်ရေးခြင်းသည်သာ ကဗျာဖြစ်သည်ဟု ယုံကြည်သည်။ မကိုတို နို ဟိုက နိ
ဟအိကအိ နသျှိ။ အဖြစ်မှန်၏ အပြင်အပတွင် ကဗျာမရှိဟု ဆိုလိုပါသည်။
အထက်ပါကဗျာသည်
ဤကဗျာဒါဒအတိုင်း ဖြစ်ပါသည်။ လေပြည်လေညင်း ဆော်သွေးလာသဖြင့်
ထင်းရှူးတောတွင် ထင်းရှူးခက်၏ အသံများ သာသာယာယာ ပေါ်လာသည်ဟု ဆိုထားသော်လည်း
တကယ်မှာမူ ငြိမ်းချမ်းမှုရှိသဖြင့် လောကကြီး မြူးရွှင်သည်ကို
ဖွဲ့ဆိုထားသည်ဟု ယူဆနိုင်ပါသည်။
အိုနစ်တစုရက
ဆိုပြန်ပါသေးသည်။ မကိုတို(အဖြစ်မှန်)သည် မိခင်၏ရင်ခွင်တွင်
နို့ချိုသောက်သုံးရင်း ပန်းပွင့်ကို ပြုံးကြည့်ကာ လမင်းကို
လက်ညှိုးထိုးပြသော ကလေးငယ်နှင့် တူသည်ဟု ဆိုပြန်ပါသေးသည်။ ကဗျာဆရာတို့သည်
ကလေးငယ်၏ မျက်စေ့ဖြင့် သဘာဝကို ကြည့်ရမည်ဟု တိုက်တွန်းကာ စာပေတတ်ခြင်းသည်
လှည့်ဖြားမှု အဆိုးတရား ဖြစ်သည်ဟုလည်း ပစ်ပယ်လေသည်။ သူ၏ ကဗျာတချို့ကို
ဆက်လက် လေ့လာကြည့်ပါဦး။
___________________________________________
၁၆
ချောက်ကြား စမ်းရေမြ
ကျောက်ခဲများလည်း တေးဆိုကြ
တောင်ချယ်ရီပန်းလှ။ ။
အိုနစ်တစုရ
တောင်ကျစမ်း၏
ရေစီးအဟုန်ကြောင့် စမ်းတွင်းရှိ ကျောက်တုံး ကျောက်ခဲများ
ရွေ့လျားတိုးဝှေ့ကာ အသံမြည်သည်ကို ချယ်ရီပန်းများ လှပတင့်တယ်သောကြောင့်
ကျောက်ခဲများပင် တေးဆိုကြသည်ဟု ဆိုထားပုံရပါသည်။ အဖြစ်စစ်
အဖြစ်မှန်ဝါဒနှင့် မစပ်ဟပ်သကဲ့သို့ ရှိပြန်ပါသည်။
________________________________________________
၁၇
မိုမောက် ထိုးဖေါက်ချင်း
ဆောင်းဦးရာသီ ကောင်းကင်တွင်း
ဖူဂျီ ငွေတောင်မင်း။ ။
အိုနစ်တစုရ
ဖူဂျီတောင်ထွတ်သည်
ဂျပန်ပြည်တွင် ကျော်စောသော အင်္ဂါတစ်ရပ်ဖြစ်သော်လည်း နွေရာသီတွင်
မြူကြောင့် မြင်ရဖို့မလွယ်။ ဆောင်းရာသီတွင် နှင်းကြောင့် မြင်ရဖို့မလွယ်။
သို့သော်လည်း မြူနှင်းများကင်းစင်သော နွေနှောင်း ဆောင်းဦးကြားရာသီတွင်ကား
ဖူဂျီတောင်ထွတ်ကို နှင်းဖြူဖွေးဖွေးနှင့် ထင်ထင်ရှားရှား မြင်နိုင်သည်။
_____________________________________________
၁၈
မျက်စေ့ အလျားလိုက်
နှာခေါင်းကတော့ ထက်အောက်စိုက်
ပန်းက နွေဦး၌။ ။
အိုနစ်တစုရ
မျက်စေ့
အတန်းလိုက် တန်းနေသည်မှာ သဘာဝ။ နှာခေါင်း ထက်အောက်စိုက်နေသည်မှာ သဘာဝ။
နွေဦးအခါ ပန်းများပွင့်ကြသည်မှာ သဘာဝ။ ဤဟိုက္ကူကဗျာသည် ကဗျာဟုတ်ချင်မှ
ဟုတ်ပေမည်။ သို့သော်လည်း မျက်စေ့ပင်ဖြစ်ဖြစ်၊ နှာခေါင်းပင်ဖြစ်ဖြစ်၊
ပန်းပင်ဖြစ်ဖြစ် အခြေခံအားဖြင့် သဘာဝတရား၏ သြဇာကို ခံနေရသည်မှာ
အတူတူပင်ဖြစ်သည်ဟု ဆိုရာရောက်ကြောင်း ပညာရှင်များက မှတ်ချက်ချပါသည်။
________________________________________
၁၉
ချိုးရေ စွန့်ဖို့ရာ
နေရာ ရှာ၍မတွေ့ပါ
ပိုးမွှား မြည်သံသာ။ ။
အိုနစ်တစုရ
ဂျပန်ပြည်တွင်
ရေချိုးသည်မှာ စည်ပိုင်းထဲ ရေနွေးထည့်၍ လူက ရေနွေးထဲဆင်းကာချိုးသည်။
ပြီးလျှင် ချိုးရေကို တော်ရာတွင် သွန်ပစ်ရသည်။ ယခု အိုနစ်တစုရ
ရေချိုးပြီးပြီ။ ညဦးမှောင်ရီတွင် ချိုးရေစွန့်ရန် အိမ်ပြင်သို့ ထွက်လာသည်။
သို့သော်လည်း ခြံထဲတွင် နှံကောင်၊ ပုရစ်ကောင် စသည့် မြက်ကြားပိုးများ
အော်မြည်နေသည်ကို ကြားရသည်။ သူချိုးရေကိုသွန်လိုက်လျှင် ပိုးမွှားအော်သံ
ရပ်သွားမည်ကို စိုးသည်။ ဂျပန်လူမျိုးတို့ကား ပိုးမွှားအော်သံကို
နှစ်သက်ကြသည်။ တမင်လိုက်၍ နားထောင်ကြသည်။ ထို့ကြောင့် အိုနစ်တစုရမှာ
ချိုးရေကိုစွန်ဖို့ ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
_____________________________________________
၂၀
မှောင်သောညဖြစ်ငြား
နားတွင် လသာညတကား
ဥသြ ဥသြကျား။ ။
အိုနစ်တစုရ
မှောင်မိုက်သောည
ဖြစ်သော်ငြားလည်း ဥသြကျား၏ သာယာသောအသံကို ကြားရသဖြင့် လသာသောညဟု
ထင်မိကြောင်း ရေးထားခြင်းဖြစ်ပါသည်။ ဂျပန်တို့သည် အလှအရသာကို
မျက်စေ့ဖြင့်လည်းကောင်း၊ နှခေါင်းဖြင့်လည်းကောင်း၊ လျှာဖြင့်လည်းကောင်း၊
ကိုယ်ဖြင့်လည်းကောင်း အပြည့်အ၀ ခံစားတတ်ကြသည်။
ပိုးမွှားမြည်သံကိုသဘောကျသည့်နည်းတူ ဥသြတွန်သံကိုလည်း နှစ်သက်သည်။ သဘာဝကို
လျစ်လျူမရှုတတ်သော အကျင့်ပါပေ။
________________________ ဆက်ပါဦးမယ် ________________________
0 comments:
Post a Comment