ဟိုက္ကူကဗျာ မြည်းစရာ(၁)



ဆရာကြီးမင်းသူဝဏ်ရဲ့ ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်ဝေရတဲ့ စာအုပ်လေးပါ။ ``ဟိုက္ကူကဗျာ မြည်းစရာ´´ ဆိုတဲ့ ဒီစာအုပ်လေးထဲမှာ ဂျပန်ပြည်ရဲ့နာမည်ကျော်  ဟိက္ကူကဗျာဆရာ ဗသျှိုးရဲ့ ..

 အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား

ဆိုတဲ့ ကျနော်တို့နဲ့ အလွန်ရင်းနှီးပြီးသား ကဗျာလေးအပါအ၀င် စုစုပေါင်း ကဗျာအပုဒ်ရေ (၉၅)ပုဒ်ပါဝင်ပါတယ်။ ဟိုက္ကူအကျော်အမော် ကဗျာစာဆို(၃၀)ရဲ့ လက်ရာမွန်များကို ဆရာကြီးမင်းသုဝဏ်က ဘာသာပြန်၊ ခံစားတင်ပြထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်ထဲမှာဖေါ်ပြထားတဲ့ ကဗျာ(၉၅)ပုဒ်လုံးကို တစ်ပိုင်းချင်းစီ တင်ပေးသွားပါ့မယ်။
_______________________________________________

ကြွေလွင့် ပန်းပွင့်များ
နောက်က အပြေးလိုက်လို့သွား
မုန်တိုင်းလေတကား ။        ။
တေအိက(၁၁၆၂- ၁၂၄၁)

မုဆိုးကလိုက်၍ သားကောင်က ပြေးသည်။ ဤကဲ့သို့ပင် မုန်တိုင်းကလိုက်၍ ပန်းများကပြေးသည်။
လေကြမ်းထဲတွင် ပန်းများကြွေလွင့်သည်ကို မြင်ရသော စာဆိုသည် တစ်ချိန်တည်းမှာပင် မုဆိုးရှေ့တွင်သားကောင်ပြေးသည်ကို မြင်ယောင်လာသည်။ ထို့ကြောင့် လေတွင်ပန်းပွင့်လွင့်သည်ဟု သဘာဝနှင့်အညီရေးမည့်အစား ပန်းပွင့်ကိုလေက အပြေးလိုက်သည်ဟူ၍ အသက်မရှိသော ပန်းနှင့်လေကို အသက်သွင်းကာ ရေးလိုက်သည်။ ဤသို့ရေးခြင်းဖြင့် ကြွေသောပန်းပွင့်များကို စာဆိုက သနားကြင်နာဖြစ်နေသည်ဟု ထင်ဖွယ်ရှိသည်။
ဤကဗျာ၏ ဂျပန်မူရင်းတွင် “ပန်း” ဟူ၍သာပါသည်။ ဂျပန်စာပေတွင် ပန်းဟု သာမန်ဆိုသော်လည်း ဂျပန်စကား ဆကုရ၊ အင်္ဂလိပ်စကား ချယ်ရီကိုဆိုသည်ဟု မှတ်ယူရသည်။ ချယ်ရီပန်းသည် ဂျပန်လူမျိုးများ အလွန်မြတ်နိုးသော အမျိုးသားပန်းဖြစ်သဖြင့် ပန်းဟုဆိုလျှင် ဆာကုရပန်းဟုနားလည်နေကြရတော့သည်။
စာဆိုမှာ ဖုဂျိဝရ၊ နို၊ တေအိက ဖြစ်သည်။ ဂျပန်ရာဇ၀င် ကမာကုရခေတ်ဦးပိုင်းတွင် ထင်ရှားသော စာဆိုတစ်ဦးဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကစတင်၍ စာဆိုကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုခံရသည်။ မင်းချီးမြှောက်ကိုလည်း ခံရသည်။ နန်းတော်တွင် အတွင်းဝန်အဖြစ် ခစားရသည်။ သို့သော်လည်း ကဗျာအယူုအဆတွင် မင်းနှင့်သဘောချင်းမတိုက်ဆိုင်၍ နောင်သောာအခါ မျက်နှာငယ်ကာ မထင်မရှားဖြစ်ရသည်။
ဤစာဆိုကြီး စုဆောင်းတည်းဖြတ် ဖွင့်ဆိုခဲ့သည့် ရှေးဟောင်း ကဗျာပေါင်းချုပ်များနှင့် စကားပြေညွန့်ပေါင်းများသည် ဂျပန်စာပေလောကအတွက် သမိုင်းဦးတန်ဆောင်တိုင်များ ဖြစ်သည်ဟု စာပေဝေဖန်ရေးသမားများက မှတ်ချက်ချကြသည်။
__________________________________

တိမ်ထဲမှာတောငန်း
လျှိုထဲမှာ ဟင်္သာမြည်တမ်း
တောင်မှာ ခြေသွားလမ်း။     ။
ဆိုးဂီ(၁၄၂၁-၁၅၀၂)

ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ရှေ့နောက်တန်းစီ၍ မြားဦးပုံ ပျံသန်းနေသည့် တောငန်းများကိုမြင်ရသည်။ အောက်ကို ငုံ့ကြည့်လိုက်သောအခါ လျှိုမြောင်ထဲရှိ တောင်ကျစမ်းရေတွင် မြူးထူးနေကြသည့် ဟင်္သာများ၏ အော်မြည်သံကိုကြားရသည်။ တောင်စောင်း တောင်ခါးပန်းတွင်ကား လူသွားလမ်းကလေး ကောက်တိကောက်ကွေး။ ဤရူပါရုံနှင့် သဒ္ဓွါရုံသည် စာဆို၏နှလုံးကို ရွှင်မြူးစေသည်။ ထို့ကြောင့် ဤပန်းချီကားကဗျာ ရိုးရိုးလေးဖြစ်ပေါ်လာရသည်။
စာဆိုသူမှာ ဆိုးဂီဖြစ်သည်။ ဆိုးဂီသည် ဘုန်းကြီးဖြစ်သည်။ လက်ရေးလှရေးတတ်သည်။ လက်ဖက်ရည်ပွဲပညာ ကျွမ်းကျင်သည်။ ပန်းချီရေးကောင်းသည်။ ခရီးသွား ၀ါသနာပါသည်။ ခရီးသွားခိုက် ကဗျာဖွဲ့ဆိုလေ့ရှိသည်။
ဆိုးဂီတို့ကာလတွင် စစ်မက်အင်္ဂါကြီးသည်။ ဆိုးဂီသည် အချင်းချင်း မုန်းတီးတိုက်ခိုက် သတ်ဖြတ်မှုကို မကြိုက်။ စစ်ကိုရှောင်ကွင်းနိုင်ရအောင် အနယ်နယ်ကိုလှည့်၍ ရှစ်နှစ်ခန့် ခြေသလုံးအိမ်တိုင် လုပ်ခဲ့ဖူးသည်။ တစ်ခါသော် ဆိုးဂီသည် ဤသို့ရေးကာ မိမိစိတ်ထားကို ဖေါ်ပြခဲ့သည်။
ငါအသက် ၆၀ ရှိပြီ။ သေခြင်းတရားလှိုင်းတို့သည် ငါ၏ကမ်းကို ရိုက်ခတ်နေကြပြီ။ သို့သော်လည်း ငါ၏နားသည် ကွန်ဖျူးရှပ်၏နားကဲ့သို့ မနာခံ။ ငါသည် နွေဦးပန်းတို့နှင့် လည်းကောင်း၊ ဆောင်းဦး လသော်တာနှင့် လည်းကောင်း၊ မနက်ခင်း နှင်းရည်ကို စောင့်မျှော်ကာ၊ ညခင်းလေပြည်ကို ငံ့လင့်ကာ ဘ၀ကို ပေါပေါ့တန်တန် ဖြုန်းခဲ့သည်။ ငါ့ဘ၀၏နှင်းစက်သည် မြက်ဖျားထက်တွင် တုန်လှုပ်နေသည်။ မည်မျှ တုန်လှုပ်နေနိုင်ပါဦးမည်နည်း။ သံသရာကို ဂရုမပြုပဲ တာဝန်လစ်ဟင်းစွာနှင့် လောကီအရာတို့ကို စွဲငြိနေမိသည့်အတွက် ငါစိတ်ဆင်းရဲပါဘိ၏။
___________________________________

မြန်မြန် ကြွေပေမယ့်
ကြာကြာစောင့်မျှော်တတ်တဲ့
ချယ်ရီ့ စိတ်ထားကွဲ့။     ။
ဆိုးဂီ

နွေဦးပေါက်သောအခါ ချယ်ရီပန်းများ ဝေေ၀ဆာဆာပွင့်ကြသည်။ ခြံထဲမှာ ခြံလုံးကျွတ်၊ တောထဲမှာ တောလုံးကျွတ်၊ တောင်ပေါ်မှာ တောင်လုံးကျွတ်။ ဂျပန်လူမျိုး ကျားမကြီးငယ်တို့ စားမြိန်စာထုပ် ကိုယ်စီနှင့် အိမ်မှထွက်ကာ ချယ်ရီ၏အလှ အရသာကို ကြည့်ရှုခံစားကြသည်။
ချယ်ရီပင်အောက်တွင် လူတွေတဖွေးဖွေး။ သို့သော်လည်း ချယ်ရီကား ကြာကြာမနေ။ ရက်ပိုင်းအတွင်း အကုန်ကြွေတော့သည်။ ဒီရက်ပိုင်းမျှကို မျှော်ခေါ်၍ တစ်နှစ်မျှ လူတို့စောင့်ခဲ့ကြရသည်။ ဤသဘောသဘာဝကို ဆိုးဂီက ဖွဲ့ဆိုသည်။ ချစ်စနိုးနှင့် ဤသို့ဆိုလေသလား။ မကျေနပ်၍ ဤသို့ဆိုလေသလား။ သို့တည်းမဟုတ်ပါက ကြာရှည်စွာ ခဲခဲယဉ်းယဉ်းရှာဖွေမှ ရသည့် လောကီစည်းစိမ်၏ တိုတောင်းသော ချမ်းသာမှုကိုပင် ဘုန်းကြီးပီပီ သံဝေဂယူကာ ဆိုလေသလား။ ဆင်ခြင်စရာပင်။



ဆက်ပါဦးမယ်ခင်ဗျာ
ကိုကြည်နိုင်
 

0 comments:

Post a Comment