ဒေါက်တာရည်ညွန့်မေ
မိမိ ကလေး ဝမ်းပျက် ဝမ်းလျှော ဖြစ်တဲ့ရက် အနည်းငယ် အတွင်းမှာ မိဘတွေ ဘယ်လောက် ဒုက္ခခံရသလဲ ဆိုတာ ကြုံဖူး ခဲ့သူတွေ သိပါ လိမ့်မည်။ နေ့မအိပ်၊ ညမအိပ် ကလေး အနားမှ တစ်ဖဝါးမှ မခွာရဘဲ အဝတ်တွေ လဲပေးလိုက်ရ၊ သန့်ရှင်း ရေး လုပ်ရ၊ လက်ဆေးရနှင့် အဝတ်တွေ တစ်ပုံကြီးလျှော်၊ နေပူလှန်း ဇယ်ဆက်သလို အလုပ် များခဲ့ ကြရ ပေမည်။ ကူညီ မယ့် မိသားစုဝင်တွေ အများကြီးရှိတဲ့ အိမ်ထောင်စုကြီးမှ မိဘတွေမှာတောင် အားလုံး အားရတယ် မရှိပါဘူး။ အဲဒီ အလုပ် တွေထက် ပိုဆိုးတာ ကတော့ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေပါပဲ။ တစ်နှစ်အောက် ကလေးမှာ ဖြစ်ရင်တော့ စကားကလည်း မပြောတတ်၊ သနားစရာ။ မျက်တွင်းလေးတွေ ချိုင့်ပြီး ရေဓာတ်ခန်း နေတဲ့ ကလေးလေးတွေကို မြင်တွေ့ ကြရမှာ ဖြစ်ပါ တယ်။ ဒီကြားထဲ ရေဓာတ် ခန်းခြောက် နေတဲ့ ကလေး လူနာတွေကို မကိုင်တွယ်တတ်ဘူး ဆိုရင် ဒါမှမဟုတ် ကိုင်တွယ်မှု၊ ပြုစုမှု နှေးကွေးရင် အသက် အန္တရာယ်တောင် ရှိတတ် ပါတယ်။ ဒါကြောင့် သင့်ကလေး ဝမ်းမပျက်အောင် ဘယ်လို ကာကွယ် ရမလဲ။ ဝမ်းပျက် လာရင်ကော ဘယ်လို ပြုစု စောင့်ရှောက် ကိုင်တွယ်ရမလဲ ဆိုတာ သိထား၊ နားလည် ထားဖို့ လိုပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဆိုတာ ဝမ်းမကြာခဏ သွားပြီး ဝမ်းသွား ချလိုက်တဲ့ အခါမှာ အရည်တွေ ချည်း သွားလေ့ ရှိတယ်။ ဝမ်းအနည်းငယ်သာ ပါတတ်သလို ရေချည်း သွားတာလည်း ရှိတယ်။ ဝမ်းအရည် တစ်ခါသွားတာနဲ့ ဝမ်းပျက်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကလေးရော၊ လူကြီး တွေပါ မကျန် ဝမ်းအရည် တစ်ကြိမ်သွားရင် သတိထားရပါပြီ။ မပေါ့ဆကြပါနှင့်။ ဝမ်းဘာကြောင့် ပျက်ရသလဲ ဆိုတော့ လက်သန့်ရှင်းမှု မရှိခြင်း၊ သို့မဟုတ် စားတဲ့ သောက်တဲ့ အစားအစာ တွေ သန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ကလေးတွေမှာတော့ အစားအစာထက် လက်မသန့်ရှင်းမှု၊ လက်မဆေးခြင်းကြောင့် အဓိက ဖြစ်ပါတယ်။ တစ်နှစ်အောက် ကလေး၊ မလုပ်တတ် မကိုင်တတ်သေးတဲ့ အရွယ်မှာတော့ မိဘ အုပ်ထိန်းသူတွေ ကျွေးတဲ့ အစားအစာ သို့မဟုတ် ချက်ပြုတ်ရာတွင် မသန့်ရှင်းခြင်း၊ ကျက်အောင် မချက်ပြုတ်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ တစ်ဖန် မိဘတွေ အနေဖြင့် မိမိ ကလေး ဝမ်းပျက်ရတာဟာ ဗက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ပိုး ကြောင့်လား၊ ဒါမှမဟုတ် ကပ်ပါးပိုးတွေ ဖြစ်တဲ့ တုပ်ကောင်၊ သန်ကောင် ကြောင့်လား ဆိုတာ ပထမ ခွဲခြားသိရန် လိုတယ်ဆိုတဲ့ ဗဟုသုတလေး ရှိထားသင့် ပါတယ်။ နောက်ဖြစ်နိုင်တာ တစ်ချက်ကတော့ အစားအစာနှင့် ဓာတ်မတည့်လို့ ဒါမှမဟုတ် ဆေးဝါး အချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဝမ်းပျက် တတ်ပါ သေးတယ်။ အစားအစာမှာလည်း နို့ကြောင့်၊ အပူအစပ် တွေကြောင့်၊ အမှည့်လွန်တဲ့ သစ်သီးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစား ကျွေးရာမှာလည်း သတိထားရ ပါတယ်။ အချို့သော ကူးစက်ရောဂါများ ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ ဒါမှမဟုတ် ဗက်တီးရီးယား ပိုးတွေ ကြောင့်လည်း ဝမ်းပျက်တတ် ပါတယ်။ ဥပမာ- ဝက်သက် ရောဂါ ဖြစ်ရင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်လို့ အရပ်ထဲမှာ “ဝက်သက်ဝမ်း” လို့ ပြောလေ့ ရှိပါတယ်။ ဝက်သက် ပေါက်တဲ့အခါ အဖုလေးတွေဟာ အရေပြားပေါ်တွင် မကဘူး၊ အဆုတ်တို့၊ အစာအိမ် အူလမ်းကြောင်းတို့ ပေါ်မှာပါ ပေါ်လာတဲ့ အတွက် ချောင်းတအားဆိုး ရင်ကျပ်တာတွေ အပြင် ဝမ်းပါ ပျက်စေ ပါတယ်။ ငှက်ဖျား ဖျားရင်လည်း ကိုယ်ပူပြီး အဖျား တက်ကာ ဝမ်းပျက် ဝမ်းလျှော ဖြစ်တတ်တယ်။ ဒါကို အခြေခံရောဂါအား ပျောက်အောင် ကုသပေးပါက ဝမ်းပျက်တာကိုပါ ထိန်းချုပ်နိုင်ပါတယ်။ Artificial Sweeteners လို့ ပြောပြီး သုံးနေကြတဲ့ သကြားအတု တွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ မိမိကလေး ဝမ်းပျက်ဝမ်းလျှော ဖြစ်ရင် တအားမစိုးရိမ်၊ မကြောက်လန့် စေလိုပါ။ သို့သော် အလွန် အမင်း ရေဓာတ် ခန်းခြောက်တဲ့ အခြေအနေ မဖြစ်အောင် ဓာတ်ဆားရည် တိုက်ကျွေး ရပါမယ်။ ကလေး အသက် အန္တရာယ် မဖြစ်ပေါ်စေရန် ဆရာဝန်နှင့် ချက်ချင်း ပြပြီး လိုအပ်တဲ့ ကုသမှု တွေ ပေးရပါလိမ့်မယ်။ မိမိ ကလေး ဝမ်းပျက် ဝမ်းလျှော ဖြစ်ပါက မိဘတွေ အနေဖြင့် အိမ်မှာ ဦးစွာ ပြုစု စောင့်ရှောက်ရမှာ ကတော့-
၁။ ကလေးအား ဓာတ်ဆားရည် တိုက်ထားပါ။ (ဓာတ်ဆားရည် ဘယ်လို ဖျော်ရမလဲဆိုတာ ဓာတ်ဆား ထုတ်ပေါ်မှာ ရေးထားပါတယ်။)
၂။ ဓာတ်ဆားရည် ပမာဏနှင့် ဝမ်းအရည်ပမာဏ အဝင်နှင့် အထွက်ကို မျှအောင် တိုက်ပေးနိုင် ပါတယ်။
၃။ ဝမ်းပျက် နေသေးပါက ဆရာဝန်ထံ ချက်ချင်းပြပါ။
- အစားအစာကို ကျက်အောင် ချက်ပြုတ်ပြီးမှ ပူပူနွေးနွေး ကျွေးပါ။
- ရေကို ကျိုချက်ပြီး သောက်ပါ။
- လက်ကို ဆပ်ပြာနှင့် ဆေးပါ။
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။
- ကလေးအား အစားမစားမီ လက်ကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
- ဝမ်းပျက်နေသော ကလေးသောက်တဲ့ ပန်းကန် ခွက်ယောက်များအား သီးသန့်ထားပေးပြီး ဆပ်ပြာ မှုန့်နှင့် သေချာစွာ ပြုတ်ပြီး ဆေးကြောပါ။
- ကလေးအား ပြုစုသူများ အနေဖြင့် လက်ကို ဆပ်ပြာနှင့် သေချာ ဆေးကြောပါ။ ကလေး သို့မဟုတ် လူနာအား ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးကြောပါ။
- လူနာရှိသည့် ပတ်ဝန်းကျင်အား သန့်ရှင်းအောင် ပွတ်တိုက် ဆေးကြောပါ။ ခြောက်သွေ့အောင် ထားပါ။
- ရေနှင့် အစားအစာများအား ခြင်၊ ယင်၊ ဖြုတ်၊ အင်းဆက်များ မနားစေရန် သတိထားပါ။

http://203.81.162.176/health_&_beauty/articles/view.php?id=9331
0 comments:
Post a Comment