သားပြည့်နဲ့ ရေးပေးပါ

ကျွန်မ ငယ်စဉ် အထက်တန်းကျောင်းသူ ဆယ်တန်းကာလ။ ကျွန်မတက်ခဲ့တဲ့ ကျောင်းက  စည်းကမ်း တင်းကြတ်သော်လည်း၊ ပညာထူးချွန်လူရည်ချွန်ကျောင်းသူများ ပေါ်ထွက်ခဲ့သော်လည်း၊ မိန်းကလေး သီးသန့်ကျောင်း ဖြစ်တာမို့ သမီးရည်းစား အရှုပ်အရှင်းကိစ္စ မရှိပေမယ့် ထုံးစံအတိုင်း မိန်းကလေးအချင်းချင်း အချစ်တော်ထားကြပါတယ်။ ကျွန်မက ကျောင်းမှာ စာတော်၊ ဥာဏ်ကောင်းပေမယ့် စာကြိုးစားရကောင်းမှန်း မသိတဲ့အထဲမှာ ပါတယ်။ ဘာသာရပ်တွေမှာ အမှတ်ပြည့်ရလည်း အရမ်းကြီး ၀မ်းသာတယ် မရှိ၊ အမှတ်နည်းခဲ့လည်း ၀မ်းနည်းရကောင်းမှန်း၊ ပိုကြိုးစားရကောင်းမှန်း မသိတဲ့ လူစားမျိုးပါ့။ ထူးခြားတာက  ကျောင်းမှာ ကျွန်မက လူချစ်လူခင် ပေါတယ်။ အရိုက်ကြမ်းလို့၊ မျက်နှာထားတည်လို့  ကျောင်းသူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဆရာမတွေကအစ ချစ်တာခံရတယ်။
နောက်… ကျွန်မရဲ့ထူးခြားချက်က ဆရာ၊ ဆရာမတွေကို ချစ်ခင်လေးစားပေမယ့် သာမန်ထက် ပိုပြီး မကြောက်တတ်ခဲ့ဘူး။ အဲ့ဒီ အထက်တန်း ကျောင်းသူဘ၀တုန်းက တီထွင်ဖန်တီးရတာတွေကို ကျွန်မ စိတ်ဝင်စားတယ်။ ကကြီးခကွေး စာလုံးလေးတွေကို လှအောင် လက်ရေးထွင် ရေးတယ်။ လက်မှတ်လှလှလေးတွေ အထိုးကျင့်တယ်။ ကျောင်းရင်ဖုံး အိင်္ကျီအဖြူကို စည်းကမ်း ညီညွတ်ယုံ
မျှမက ပိုလှအောင် ကြယ်သီးလေးတွေ၊ လည်ပင်းပုံ လှလှလေးတွေကို စက်ဆရာနဲ့တိုင်ပင်ပြီး  ထူးထူးဆန်းဆန်း တီထွင်ချုပ်ဝတ်တယ်။ ယောကျာ်းစီး သည်းကြိုးအပြားနဲ့ ကတ္တီပါ ဖိနပ်တွေကို ရောင်စုံစီးတယ်။ ကျွန်မ ကျောင်းစာအုပ် အဖုံးလေးတွေမှာ ပန်းပွင့်တွေ၊ ငှက်ကလေးတွေ စက္ကူနဲ့ချိုးပြီး ကော်နဲ့ကပ်တယ်။ ကလစ်လေးတွေကိုလည်း ပန်းပွင့်လေးတွေ ကိုယ်တိုင်ကပ်ပြီး သူငယ်ချင်းတွေကို ပေးတတ်တယ်။ လွယ်အိတ် အပြင်ဘက်လေးတွေမှာ အရုပ်လေးတွေ ခြိတ်တတ်တယ်။
အဲ့ဒီက တဆင့်တက်လာတော့ ရွယ်တူ မိန်းကလေးတွေထက် ကံကောင်းစွာ ရခဲ့တဲ့ အခွင့်အရေးကတော့ ဘယ်စာအုပ်မဆို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ရနေခဲ့တာပါဘဲ။ မိဘနှစ်ပါးရဲ့ ကျေးဇူးနဲ့ ငယ်စဉ် မူလတန်းကျောင်းသူဘ၀ထဲက စာတွေ ဖတ်ခဲ့တဲ့ကျွန်မ၊ အထက်တန်းရောက်တော့ အချစ်ဝတ္တုတွေလည်း လွတ်လွတ်လပ်လပ် ဖတ်ခွင့်ရလာတယ်။ အဲ့ဒီထဲက ဗီဇလားမသိ၊ ဖတ်ထားသမျှ ဇာတ်ကောင်နေရာ ၀င်ခံစားပြီး၊ ကျွန်မ ကဗျာလေးတွေ ရေးတတ်လာတယ်။ အချစ်အကြောင်း ဒိုင်ယာလော့ခ် လှလှနဲ့ စာနုလေးတွေ ကူးမှတ်ထားပြီး ပြန်ရေးတဲ့ စာအုပ်သီးသန့် ထားတတ်လာတယ်။
အဲ့ဒီမှာ အချစ်တော်ထားတဲ့ မိန်းကလေးကျောင်းဆိုတော့ သူငယ်ချင်းများက သူတို့ရဲ့ အချစ်တော်တွေအတွက် အချစ်တော်စာတွေ မုန့်ဝယ်ကျွေးခိုင်းပြီး ဒိုင်ခံရေးခိုင်းတယ်။ ကျွန်မကလည်း ရေးတာမှာ ကျကျနန လက်ရေးလှလှ လက်မှတ်လှလှလေးနဲ့ရေး၊ ကျောင်းရှေ့မှာ ပလတ်စတစ်အခင်းလေးပေါ် ဖြန့်ခင်းထားပြီး ရောင်းတဲ့ မောင်ပန်းမွှေးရဲ့သုံးကြောင်းကဗျာပါတဲ့  ပန်းချီပုံလှလှနဲ့ စာအိတ်လေးတွေနဲ့ အိတ်စိုက်ဝယ်ပြီး  ထည့်ပေးလိုက်သေးတယ်။ ကျွန်မရေးပေးတဲ့ စာတွေကြောင့် အဆင်ပြေသွားတဲ့ အချစ်တော်စုံတွဲတွေ မနည်းဘူး။ အချစ်တော်စာတွေ ခိုးရေးတုန်း ဆရာမတွေ မိရင်လည်း ကျွန်မ အဆူခံလိုက်တာဘဲ။ ဆရာမတွေက အတန်းထဲမှာ စာလည်းတော်၊ ဟာသဇ၀နဥာဏ်လည်း ရွှင်၊  ချစ်လည်းချစ်၊ သွက်သွက်လက်လက် ပါလေရာငါးပိချက်ဆိုတော့ “ တီချယ်ကလည်း သူတို့ကို မရေးခိုင်းဖို့ ပြောထားတာပဲ၊ သမီးကို သူတို့ အတင်းပဲ လာလာရေးခိုင်းနေတာ.. ” လို့ မျက်နှာသေလေးနဲ့ ပြောလိုက်ရင်၊ ဆရာမတွေက ကျွန်မရော၊ ရေးခိုင်းသူတွေကိုပါ  “နောက်ထပ်တွေ့ရင် အသေပဲ…” ဆို ဆူတာ အမြဲခံရတယ်။
အချစ်တော်ထားတာက မိန်းကလေးကျောင်းမှာ ရေပန်းစားပြီး၊ အချစ်တော်စာတွေ သူများအတွက် ရေးပေးနေပေမယ့် ကျွန်မကိုယ်တိုင်က အချစ်တော်ကိစ္စ ကင်းတယ်လို့ဆိုရင် ယုံကြမှာ မဟုတ်ဘူး။ တကယ်ပါ… ယောက်ျားရှာလည်း မဟုတ်ပဲနဲ့၊  မိန်းကလေးအချင်းချင်း ကြိုက်ကြတာကို ဘယ်လိုမှကို ကျွန်မ ခံစားလို့ မရခဲ့ဘူး။ (ဒါကြောင့် တက္ကသိုလ်ပထမနှစ်မှာ အိမ်က လူကြီးနဲ့ တွေ့ပြီး တစ်ခါထဲနဲ့ နောက်ကောက်ကျသွားတာ ဖြစ်လောက်တယ်)။ ကိုယ့်ကိုယ် စာလာပေးလည်း ဟာသလုပ်ပြီး ဆရာမဆီကို “တီချယ်..ဒီမှာ စာတွေ လာပေးနေတယ်… သမီးရေးတာလောက်တောင် မကောင်းဘူး… လက်ရေးကလဲ ဆိုးမှဆိုး… တီချယ်ဖတ်ကြည့်” ဆို ဘရုတ်ကျပြီး တစ်ဖက်လှည့်နဲ့ ဆရာမကို ပေးဖတ်လိုက်တော့ နောက်ဆို ကျွန်မကို လန့်ပြီး စာကို မပေးရဲကြတော့ဘူး။
အဲ့ဒီမှာ သူများထက်ထူးအောင် လုပ်ခဲ့ဘူးတာက ဆယ်တန်းအရောက်မှ လုပ်တဲ့ အော်တိုဂရပ်ဖ် စာအုပ်။ အဲ့ဒီစာအုပ်က သူများတွေလို ကျောင်းသူအချင်းချင်း ရေးခိုင်းတာမဟုတ်၊ ဆရာမတွေကို လိုက်ရေးခိုင်းခဲ့တာ။ ကျွန်မတို့ခေတ်က အတန်းထဲမှာ ဆရာမတွေကို ချစ်ခင်လေးစား   ကြောက်ရွံ့ရတော့ ဆရာမတွေကို ကျွန်မ အော်တိုဂရပ်ဖ် ရေးခိုင်းမယ်ဆိုတော့ သူငယ်ချင်းမတွေက လန့်ပြီး တားကြတယ်။ အဲ့ဒီတုန်းက အော်တိုဂရပ်ဖ်စာအုပ်ဆိုတာ အခုခေတ်လို မရှိလေတော့ ရိုးရိုး ဗလာစာအုပ်လေးနဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။
ဆရာမတွေကို “ သမီး ဆယ်တန်းအောင်လို့ တီချယ်တို့နဲ့ ခွဲရရင် အလွမ်းပြေ ပြန်ဖတ်ဖို့၊ တီချယ်တို့ရဲ့ဆုံးမစာတွေကနေ ခွန်အားတွေ သမီးယူဖို့၊ ရေးပေးပါ တီချယ်ရယ် ” ဆို ပြောပြပြီး ရေးခိုင်းတယ်။
 
မြသွေးနီရဲ့ Auto စာအုပ်လေး
အဲ့ဒီစာအုပ်ထဲမှာ ကျောင်းအုပ်ဆရာမကြီးကစလို့၊ ကျွန်မချစ်ရတဲ့ အထက်တန်းပြဆရာမများ၊ အဖေ၊ အမေနဲ့တကွ ဘယ်သားသမီး၊ ဘယ်မြေးမှာမှ မရှိနိုင်တဲ့ ကျွန်မအဘိုးရဲ့ လက်ရေးနဲ့ အမှတ်တရ အော်တိုဂရပ်ဖ်လေးပါ ပါဝင်နေခဲ့တယ်။
  
အဘိုးရဲ့အမှတ်တရ
အဖေက ဖလင်ကော်ပြားလေးနဲ့ ဖုံးပေးထားတဲ့ အော်တိုဂရပ်ဖ်စာအုပ်လေးကို နှစ်ပေါင်း ၂၇နှစ်တိုင် ကြာတဲ့ အခုအချိန်အထိ ကျွန်မ တရိုတသေ သိမ်းထားဆဲဖြစ်တယ်။
 
ကျောင်းအုပ်ဆရာမကြီးရဲ့ အမှတ်တရ

အချိန်ရာသီ စက်ဝန်းက တစ်ပတ်ပြန်လည်တာ ထုံးစံပါဘဲ။ မြသွေးနီရဲ့ သားတော်မောင် သားပြည့်က စက္ကူလေးတွေ လက်တစ်ဝါးစာ ပိုင်းဖြတ်ချုပ်၊ သူ့စိတ်ကူးနဲ့ ဇာတ်လမ်းထွင်ရေးပြီး ကာတွန်းရုပ်လေးတွေ ဆွဲ၊ သူငယ်ချင်းတွေကို ပေးတယ်။ စာအုပ်အကြမ်းထဲမှာ အတန်းထဲ ထိုင်ကစားလို့ရတဲ့ ကစားနည်းအသစ်တွေ ထွင်တယ်။ ပြီးခဲ့တဲ့လ လပတ်စာမေးပွဲ ဖြေကာနီးမှာ သားတော်မောင် သားပြည့်က ကျွန်မကို ပူဆာတယ်။
“ မေမေ… ဒီတစ်လ စာမေးပွဲပြီးရင် အရင်လို ကြေးအိုးမတိုက်နဲ့၊ ရေးပေးပါစာအုပ် ၀ယ်ပေးပါ”
အမေတူ အစားမက်တဲ့ သားပြည့်က စာမေးပွဲပြီးတိုင်း တိုက်နေကြ သူ သိပ်ကြိုက်တဲ့ ကြေးအိုးကို ငြင်းပြီး အခုလို ပြောလာတော့ ကျွန်မ နားထဲ ထွေးသွားတယ်။ ဒါနဲ့ မေးမိတယ်။
“ ဘာလဲ.. သားပြောတဲ့ ရေးပေးပါ စာအုပ်ဆိုတာ ”
“ သူငယ်ချင်းတွေက သားအတွက် မေးထားတဲ့ မေးခွန်းတွေကို အမှတ်တရ ဖြေပေးတဲ့ စာအုပ်လေ ”
သားပြည့် ရှင်းပြတော့မှ ကျွန်မတို့ ငယ်ငယ်ကထားခဲ့ဘူးတဲ့ အော်တိုဂရပ်ဖ်လို စာအုပ်မှန်း ရိပ်မိတော့တယ်။ ဒါနဲ့ လက်ဝါးခြင်းရိုက်၊ လက်မခြင်းဖိနှိပ်ပြီး ၀ယ်ပေးပါမယ်ဆို ကတိပေးခဲ့ရတယ်။ ကျောင်းစာလုပ်ချိန်မှာ အနှောက်အယှက်ဖြစ်အောင် သူငယ်ချင်းတွေကို မရေးခိုင်းရဘူးဆို ကတိပြန်တောင်းရသေးတယ်။
ဒါနဲ့ ကိုယ်က ဘယ်မှာ ၀ယ်ရမယ်ဆိုတာ နားမလည်တော့ စာမေးပွဲနောက်ဆုံးနေ့မှာ ရုံးက ညီမငယ်တစ်ယောက်ကို အကူညီတောင်းပြီး ၀ယ်ခိုင်းရတယ်။ တစ်အုပ် ၁၅၀၀ကျပ်၊ အရောင်လှလှလေးနဲ့ လက်တစ်ဝါးစာအရှည် စာအုပ်လေး။ လှန်လှောလေ့လာကြည့်တော့ ၁၃ယောက်စာမေးခွန်းလေးတွေနဲ့၊ အဖြေရေးဖို့ နေရာလေးတွေ လုပ်ပေးထားတဲ့ ကလေးတွေ နှစ်သက်မယ့် စာအုပ်သေးသေးလေး။ စာအုပ်ရတဲ့နေ့က အရှေ့ဆုံးမှာ သူအရင် ရေးမယ်ဆို ပြောပြီး သားပြည့်တစ်ယောက် တကုတ်ကုတ်နဲ့ ထိုင်ရေးတော့တယ်။ အဲ့ဒီတုန်းက သူဘာတွေ ရေးတယ်ဆိုတာ ကျွန်မလည်း ဂရုမပြုမိခဲ့ပါဘူး။
မနေ့ညက သူ့ကျောင်းက မြန်မာစာဆရာမက စာစီစာကုံးနှစ်ပုဒ် အိမ်စာအဖြစ် အပြီး   ရေးခဲ့ရမယ်ပြောလို့ ည ကိုးနာရီထိုးတာတောင် စာစီစာကုံး ထိုင်ရေးနေရတယ်။ ကျွန်မလည်း သူ့ဘေးနားထိုင် ခြင်ယပ်ပေးနေရင်း သူ့ကျောင်း ကျောပိုးအိတ်ရဲ့ အပြင်ဘက် ဇစ်ကို လက်က အငြိမ်မနေ ဖွင့်လိုက်မိတယ်။  အဲ့ဒီမှာ ဘေးအိတ်ထဲက ကျွန်မ၀ယ်ပေးခဲ့တဲ့ အော်တိုစာအုပ်လေး ထွက်လာတယ်။ ကျွန်မက သတိရသွားပြီး “သူငယ်ချင်းတွေ ရေးခိုင်းဖြစ်သေးလား၊ မေမေ ဖတ်ကြည့်ရအောင် ” လို့လည်း ပြောရော သားပြည့်တစ်ယောက် ရှက်သွေးဖြန်းပြီး စာအုပ်ကို လုပါတော့တယ်။
“ သား မဖတ်စေချင်ရင် မေမေ မဖတ်ပါဘူး၊ ဘာတွေများ ပေးမဖတ်နိုင်စရာ ရှိလို့လဲ” လို့လည်းပြောရော..
“ ကဲပါလေ.. မေမေ ဖတ်ချင်ရင် ဖတ်ပါ၊ ပြီးရင်တော့ မရယ်ရဘူးနော်၊ သား အပါအ၀င် ယောကျာ်းလေးသူငယ်ချင်း ငါးယောက် ရေးထားပြီးပြီ” လို့ ပြောလာပါတယ်။ ကျွန်မလည်း ခေါင်းညိမ့်ပြလိုက်မိရင် ပထမ စာမျက်နှာက စဖတ်မိတယ်။
 
ပထမစာမျက်နှာ
ကိုယ့်ကိုယ်ကို ဒီလို ခေါ်တယ်..ဆိုတာကို “ငါ” လို့ သားပြည့် ဖြေထားလို့ ကျွန်မ ပြုံးမိတယ်။ သူ့သူငယ်ချင်း “သုထူးအောင်” ကျတော့ အဲ့ဒီမေးခွန်းကို  “ ဟေ့ကောင် သုထူးအောင် ” ဆိုရေးပေးထားတာတွေ့ရလို့ ကျွန်မ ရယ်ချင်ရက်လက်တို့ ဖြစ်သွားရတယ်။
 
ဒုတိယစာမျက်နှာ
စားစရာ…ကို ဖြေထားတာက ကြည့်… သူအစားပုတ်တာ သူငယ်ချင်းတွေ သိကုန်ပြီပေါ့။ သားပြည့် ကြိုက်တဲ့ ပြည်ပက သရုပ်ဆောင်၊ အဆိုတော်တွေရဲ့ နာမည်အချို့ကို မြင်တော့ ကျွန်မမျက်လုံးတောင် ပြူးသွားရတယ်။ သူက သေချာရေးထားတာ အံ့သြစရာ။ သူ ကြိုက်တဲ့ ၀တ္တုတွေနဲ့ စာရေးဆရာနာမည်ထဲ ကျွန်မနာမည်နဲ့ သူ့ဆီကနေ ကုန်ကြမ်းရခဲ့ဘူးတဲ့ ကျွန်မရဲ့ “သားထံမှတဆင့်” ၀တ္တုလေးကို ထည့်ထားတာ တွေ့လို့ ကျွန်မမှာ အော်ရယ်မိတယ်။ သားပြည့်က စာစီစာကုံးရေးနေလျှက်က “သိတယ်.. မေမေရယ်တော့မှာကို သားသိနေတယ်” လို့ ပြောတယ်။ သူ့ဖခမည်းတော်က မနာလို အူတိုပြီး “ သား.. ဖေဖေရေးတာတွေရော မကြိုက်ဘူးလား” လို့ မအောင့်နိုင်တော့ပဲ ၀င်မေးလေတယ်။ “ သား..အခုတော့ မကြိုက်သေးဘူး၊ ကြီးလာရင်တော့ ကြိုက်မယ်ထင်တယ်” လို့ ဖြေတော့ အဖေလုပ်သူလည်း “ ကောင်းကွာ” က လွဲလို့ ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။
သားပြည့်ရဲ့ ရေးကြည့်ပါ စာအုပ်လေးက ကျွန်မကို စွဲဆောင်နေပြီ။ နောက်တစ်ကြောင်းကို ကျွန်မ ဆက်ဖတ်နေမိတယ်။ အံမယ်… သူကြိုက်တဲ့ ဂျာနယ်ထဲမှာ သူ့အဘိုး အပတ်တိုင်းယူတဲ့ ဒီလှိုင်းဂျာနယ်လဲ ပါနေတာ တွေ့တော့ သူ တစ်ခါတစ်ခါ ယူဖတ်နေတတ်တာကို သတိရမိလိုက်တယ်။ အိမ်မှာ သားပြည့်ကို သူနှစ်သက်တဲ့ မည်သည့် ပြင်ပက စာအမျိုးအစားကိုမဆို သူ စာစ ဖတ်တတ်တဲ့ အချိန်ကတည်း ဖတ်ခွင့်ပေးထားခဲ့တယ်။
အို… အလေးစားဆုံးပုဂ္ဂိုလ်နေရာမှာ အဖေ၊ အမေအပြင်  ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေစုပါ ထည့်ထားပါလား..။  သူ ဒီလိုရေးမယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ပါဘူး။ အံ့သြမိပြန်လျှက်က ကျေနပ်စိတ်၊ ဘ၀င်ကျစိတ်နဲ့ ကျွန်မရင်ထဲ သိမ့်ခနဲ ဖြစ်သွားရတယ်။ ဒီအဖြေအတွက် မေမေ သားကို ချစ်လိုက်တာ သားပြည့်ရေ…လို့ စိတ်ထဲကနေ ရေရွတ်မိတယ်။ သားပြည့်ကတော့ စာစီစာကုံးကို ရေးနေလို့။
ကိုယ့်ရဲ့ အချစ်ဆုံးသူ… ဆိုတဲ့ဘေးမှာ အဖေ၊ အမေအပြင် အင်္ဂလိပ်စာလုံးလေးတွေ တွေ့လို့ ဘယ်သူလည်း မေးမိတော့ လုံးဝ (လုံးဝ)မှကို မပြောပြလို့ သူ့အသည်းကျော် ဖခမည်းတော်က အောင့်သက်သက် ဖြစ်နေရှာလေရဲ့။ နောက်မှ သိလို့ကတော့   ခေါင်းခေါက်ခံရပြီမှတ်..တဲ့ သူ့သားကို ပြောနေသေးတယ်။ ကျွန်မကတော့ ဇွတ်မမေးချင်။ ဒါက သူ့ ကိုယ်ပိုင်အခွင့်အရေးပဲလေနော်။ ဒါပေမယ့် “တစ်နေ့ သား ပြောပြချင်လာတဲ့ အချိန်ကြရင် ပြောပြနော်” လို့တော့ ကျွန်မ ဈေးဆစ်လိုက်မိသေးတယ်။ သားပြည့်က ပြုံးစေ့စေ့နဲ့ရယ်။ “ မေမေ.. ပေါက်ကရတွေ မစဉ်းစားနဲ့နော်၊ မေမေ မကြိုက်တာ သားတစ်ခုမှ မလုပ်ပါဘူး.. စိတ်ချ” လို့ သူက အတည် ပြောနေပြန်တော့ ကျွန်မ စိတ်ထဲ ကြိတ်ပြီး သက်ပြင်းချလို့။ ( ဒီမနက်မှာ သူကျောင်းသွားကာနီး အိင်္ကျီလဲပေးတုန်း ကျွန်မကို အဲ့ဒီနာမည်ပိုင်ရှင် ဘယ်သူဆိုတာ ပြောပြပါတယ်။ အဲ့ဒီအကြောင်း သီးသန့်ပို့စ် ရေးပါဦးမယ်။)
စာအုပ်ကို ဆက်ဖတ်ရင်းက အမုန်းဆုံးသူနေရာမှာ ထည့်ထားတဲ့ ကလေးမလေးနှစ်ယောက်။ အဲ့ဒီနှစ်ယောက် နာမည်ကို သူ့သူငယ်ချင်းတွေ အားလုံး အတူတူ ရေးထားကြလို့ “ဘာလို့ အဖြေအားလုံး တူနေရတာလဲ၊ ဒီလောက် လှတဲ့ နာမည်လေးတွေကို ဘာလို့ မုန်းရတာလဲ သားရယ်” လို့ မေးမိတယ်။ သားပြည့်ဖြေတာက..
“ အဲ့ဒီနှစ်ယောက်က ပဲအလွန်များတယ် မေမေ၊ စာလည်း ညံ့တယ်၊ စကားကလဲ ပကျစ်ပကျစ်နဲ့ များသေး၊ နောက်.. ယောကျာ်းလေးတွေကပဲ သူတို့ကို ကြိုက်နေသလို အထာတွေနဲ့ လျှောက်ပြောနေတယ်၊ ဆရာမကိုလဲ အတိုင်အတော ထူတယ်၊ အဲ့တာကြောင့်… အမြင်ကပ်လို့ ”
သားပြည့်အပြောကြောင့် ကျွန်မမှာ ပြုံးပဲပြုံးရမလား၊ သက်ပြင်းပဲ ချရတော့မလား ဖြစ်သွားရဲ့။
သားပြည့် ဖြေထားတဲ့ ၀မ်းအနည်းဆုံးနေ့နဲ့ ရင်အခုန်ဆုံးအချိန်… တွေကို ဖတ်ရပြန်တော့ ကျွန်မစိတ်ထဲ သနားသွားမိတယ်။ ကျွန်မ သူ့ကို ရိုက်ခဲ့ဘူးတယ်။ တုတ်နဲ့မဟုတ်။ သတင်းစာကို ကျစ်နေအောင် လိတ်ပြီး ခြေသလုံးကို ရိုက်တာပါ။ သားပြည့်က မျက်ရည်လွယ်ချင်တယ်။ ငယ်ငယ်လေးထဲက တစ်ခုခု သူမကြိုက်တာ၊ သူမလုပ်ချင်တာ၊ သူမစားချင်တာဆို မကြိုက်ဘူး၊ မလုပ်ချင်ဘူး၊ မစားချင်ဘူးလို့ ဘယ်သူ့ကိုမှ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောဘူး။ သူက အားနာတတ်၊ ရှက်တတ်တော့ မငြင်းပဲ အောင့်သီးအောင့်သက်နဲ့ ကြိတ်မှိတ် ကြိုက်ပေး၊ လုပ်ပေး၊ စားပေးတယ်။ မျက်ရည်တွေ ကျရင်းပေါ့။ ကျွန်မရော သူ့အဖေပါ ယောကျာ်းလေး တစ်ယောက်အနေနဲ့ သူမျက်ရည်ကျတာကို လုံးဝမှ မနှစ်သက်ဘူး။ ဒါကြောင့် မျက်ရည်ကျလာရင် သတင်းစာလိတ် ဆွဲပြီး ရိုက်မိတော့တာပဲ။ ရိုက်ရင်လည်း သားပြည့်က အော်မငိုပဲ ကြိတ်ခံရင်း မျက်ရည်တွေ ကျနေတတ်တာ သိတတ်တဲ့ အရွယ်ထဲကပါပဲ။ အခု နည်းနည်း အသက်ကြီးလာတော့ ဒီအကျင့်လေးကို သူကိုယ်တိုင် ကြိုးစား ဖျောက်ချင်လာပါပြီ။
 
တတိယစာမျက်နှာ
သားပြည့်ဖြေထားတဲ့ ကိုယ်စုဆောင်းထားတတ်တဲ့ပစ္စည်းတွေကို ဖတ်မိတော့ ကဒ်ထူဘူးကြီး တစ်ဘူးစာ အပြည့်သိမ်းထားတဲ့ ပိုကီမွန်ကဒ်တွေ မျက်လုံးထဲ သွားမြင်မိတယ်။
အင်း.. ရည်မှန်းချက်…တဲ့။ သူ့ရည်မှန်းချက်က ပြောင်းသွားပါရော့လား..။  သုံးတန်းလောက်အထိ ကြီးလာရင် ကလေးအထူးကု ဆရာဝန်လုပ်မယ် ပြောခဲ့တယ်။ ကလေးတွေ နေမကောင်းရင် ထိုးဖို့ မနာတဲ့ ထိုးဆေးတီထွင်မယ်ဆိုပဲ။ အခု ငါးတန်းရောက်တော့ ရည်မှန်းချက်က ပြောင်းသွားလေပြီ။ ငယ်ငယ်တုန်းကလို သား ကြီးလာရင် ဘာလုပ်မလဲ..လို့ မမေးမိတာ ကြာပြီ။ ကွန်ပျူတာကို ငယ်စဉ်ထဲက ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ပြန်တော့ စစ်စတမ်ဘောက်စ်ထဲက အစိတ်အပိုင်းတွေကို သူ အရမ်းစိတ်ဝင်တစား ရှိနေတတ်တာကိုတော့ ကျွန်မ သတိရလိုက်မိတယ်။
စိတ်ညစ်ရင် လုပ်တတ်တဲ့ အပြုအမူတဲ့..။ သားပြည့် ဖြေထားတာက အော်ခြင်း၊ စိတ်ကောက်ခြင်းတဲ့။ သူ အော်တာ ဒေါသကြီးတာတော့ သူငယ်တန်းလောက်က တစ်ကြိမ်တွေ့ဘူးတယ်။ နောက်ပိုင်း အော်တာမျိုး မတွေ့သလောက်ပါဘဲ။ စိတ်ကတော့ တနင်္ဂနွေသားတွေပီပီ၊ အဖေရော သားရော စိတ်ကောက်တတ်တယ်။ သူတို့ ကျွန်မကို စိတ်ကောက်ချိန်ဆို ကျွန်မ နားအေးပါးအေး စာရေးလို့ ရတယ်။ မဟုတ်ရင် အနားမှာ တွယ်ကပ် နှောက်ယှက်နေကြရော။ သူတို့ သားအဖချင်း ကောက်ရင်တော့ ကျွန်မက ကြားက ပြန်ဖြည်ရေးသမား ကစ်ဆင်ဂျာပေါ့။
 
စတုတ္ထစာမျက်နှာ
၅မိနစ်သာ အသက်ရှည်ဖို့ ကျန်တော့မယ်ဆိုရင် ဘာလုပ်မလဲကို ဖြေထားတာတွေ့တော့မှ သဘောတကျနဲ့ ကျွန်မ ပြန်ရယ်လာနိုင်တယ်။ သားပြည့်က ညအိပ်ရာဝင်ရင် မနက်စာ စားဖို့ စိတ်ကူးနေပြီ။ မနက်စာ စားနေချိန်မှာ နေ့လည် ဘာစားရမလဲ တွေးနေတတ်တဲ့ အစားပုတ်လေးလေ။
  
နောက်ဆုံးစာမျက်နှာ
မင်းအတွက်စကား..ဆိုတဲ့နေရာမှာ သားပြည့်ရေးထားတာက ကျွန်မသူ့ကို မကြာခဏ ပြောမိတဲ့ “ လူနဲ့ ကြည့်မှန်လိုပဲ၊ လူက ပြုံးပြရင် မှန်ထဲက အရိပ်က ပြန်ပြုံးပြမယ်၊ လူက မဲ့ပြရင် မှန်ထဲက အရိပ်က ပြန်မဲ့ပြမယ်၊ ကိုယ်ပြုသမျှ ကိုယ်ပြန်ရတတ်တယ်” ဆိုတဲ့အပေါ် သူ နားလည်သလိုလေး ရေးထားတာလို့ ကျွန်မ သိလိုက်တယ်။

အမှတ်မထင် သားပြည့်ရဲ့ အော်တိုစာအုပ်ကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မ ဖတ်ဖြစ်ခဲ့တယ်။ ဒီ အော်တို စာအုပ်လေးထဲက ကလေးများရဲ့ ပကတိစိတ်ကို လှမ်းမြင်လိုက်ရတယ်။ သူတို့ သိသလို၊ သူတို့ နားလည် လက်ခံထားသလို ရိုးသားတဲ့စိတ် အရင်းခံနဲ့ ရေးထားတာကို သူတို့ရဲ့ မသပ်ယပ် မလှပပေမယ့် ရိုးသားတဲ့ စကားလုံးလေးတွေကနေ သူတို့ စိတ်ကလေးတွေကို လှစ်ခနဲ လှမ်းမြင်လို့ ရနေတယ်။
ကျွန်မ စဉ်းစားနေမိတယ်။ အခုအချိန်မှာ ကျွန်မကို အခုလိုမျိုး ရေးကြည့်ပါစာအုပ်လေး လာရေးခိုင်းရင် ကျွန်မလက်ရေးတွေက သေသေသပ်သပ်နဲ့ လှပကောင်း လှပနေလိမ့်မယ်။ စကားလုံးလေးတွေကလည်း ဖတ်ချင်စဖွယ် ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ချရေးလိုက်တဲ့ ကျွန်မရဲ့ စာလုံးတွေရဲ့ အဓိပ္ပါယ်တွေက ကလေးများလို ရိုးသားဖြူစင်နေပါ့မလား။
ကျွန်မ စဉ်းစားရင်း သံသယ ၀င်နေမိလိုက်တာ၊ ကျွန်မလေ… သားပြည့် စာစီစာကုံး ရေးပြီးလို့ နေရာက ထလိုက်မှ  သတိတွေ ခန္ဓာကိုယ်နဲ့ ပြန်ကပ်တော့တယ်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

0 comments:

Post a Comment