ဟိုက္ကူကဗျာ မြည်းစရာ(၆)

၄၁
ခရီးခုလတ်တွင်
နှစ်ကူးအိမ်ရှင် ဤလူ့ခွင်
ကျွန်ုပ် တွေ့သိမြင်။    ။
ဗသျှိုး

ဂျပန်ပြည်၌ နှစ်သစ်ကူးခါနီးတွင် အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေးလုပ်ရသည်။ နှစ်ဟောင်းက မနှစ်မြို့ဖွယ်များ နှစ်သစဘက်သို့ ပါမလာအောင် ဖြစ်သည်။ အိမ်နှင့် ယာနှင့်၊ ဆွေနှင့် မျိုးနှင့်၊ သားနှင့်မယားနှင့် အတည်တကျ နေထိုင်သူတို့မှာ လာလတ္တံ့သော နှစ်သစ်ကို မင်္ဂလာရှိသော ၀ါးကျည်ထောက်နှင့် ထင်းရှူးခက်ကို အိမ်ဝတွင်စိုက်၍ ကြိုကြမည်။ အန္တရာယ်ကင်းအောင် မင်္ဂလာကောက်ရိုးထုံးကို အိမ်တံခါးတွင် ဆွဲကြမည်။ ကောက်ညင်းမုန့်လုံး၊ တည်သီးခြောက်၊ သစ်ချသီး၊ ထင်းရှူးစေ့၊ ပဲနက်၊ ငါး၊ ငါးဥ စသည်တို့ကို အိမ်စောင့်နတ်အား ကျွေးကြမည်။ နှစ်ဆန်းတစ်ရက်နေ့တွင် အိမ်သားများနှင့် ဆွေမျိုး မိတ်သင်္ဂဟများဆုံကာ စားကောင်းသောက်ဖွယ်တို့ကို သုံးဆောင်ကြမည်။ သန်းခေါင်အချိန်တွင် နှစ်ဟောင်းကိုပို့သော ခေါင်းလောင်းသံ တစ်ရာ့ရှစ်ချက်ကို နားထောင်ကြမည်။ သို့သော်လည်း ခရီးသည် ဗသျှိုးအတွက်ကား ဤစားခန်းသောက်ခန်း ပွဲလမ်းသဘင်တို့သည် အဓိပ္ပာယ်မရှိ။ ထို့ကြောင့် သူတစ်ပါး၏ ပျော်ရွှင်မှုကိုကြည့်ကာ ဗသျှိုးသည် အားကျ၍ အထက်ပါကဗျာကို ဆိုလိုက်လေသည်။
______________________________________

၄၂
အေးစက် လယ်ကွက်များ
မြင်းကျောပေါ်မှာ စီးလို့သွား
ကိုယ်ရိပ် လေးဘက်တွား။     ။
ဗသျှိုး

ခရီးသည်စာဆိုကြီး တစ်ခါတစ်ရံ မြင်းစီး၍ လှည့်လည်သွားလာရသည်။ အဖေါ်မပါ တစ်ယောက်တည်း သွားရသည်။ တစ်နေ့သောအခါ ဆောင်းငွေ့ဖြင့် အေးစက်သော ဟင်းလင်းပြင် လယ်ကွက်များကို ဖြတ်သွားရသည်။ ခရီးသွားဖေါ်သွားဖက်ကို ကြည့်သည်။ မတွေ့ရ။ မျက်နှာဘက်တွင်လည်း မတွေ့ရ။ ကျောဘက်တွင်လည်း မတွေ့ရ။ လက်ယာ လက်ဝဲတွင်လည်း မတွေ့ရ။ မြေကြီးဘက်သို့ ငုံ့ကြည့်တော့မှ မိမိ၏ ကိုယ်ရိပ်သည် မြေပေါ်တွင် လေးဘက်တွားကာ လိုက်နေသည်ကို တွေ့ရသည်။ တော်ပါသေး၏။ သူတစ်ယောက်တော့ အဖေါ်ရှိပါသေးသည်တကားဟု စာဆိုကြီး စိတ်အေးရသည်။
_______________________________________

၄၃
ယိုသျှိနိုမှာကွယ်
ချယ်ရီပန်းကို ပြပါမယ်
နတ်ထင်းခမောက်ရယ်။     ။
ဗသျှိုး

တစ်နှစ်တွင် ဒီတစ်လပေပေါ့၊ တစ်လတွင် တစ်ရက်တည်း၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း ဟူ၍ ပိတောက်ပန်းကို မြန်မာတို့ ဖွဲ့ဆိုခဲ့ကြသည်။ ဂျပန်ပြည်တွင်လည်း တစ်နှစ်လုံးတွင် သီတင်းတစ်ပတ်သာ ဝေေ၀ဆာဆာပွင့်ကာ ကျန်ရက်များတွင် ပျောက်ဆုံးနေသည့် ချယ်ရီပန်း ရှိပါသည်။ ချယ်ရီပန်းသည် တစ်ပွင့်ချင်း ဂုဏ်မထင်ပေါ်ပါ။ ပင်လုံးကျွတ်ပွင့်လျှင်ကား မြင်ရသူစိတ်ကို ကြည်ညွတ်စေနိုင်ပါသည်။
နွေဦးရာသီ ချယ်ရီပန်းပွင့်သောအခါ ဂျပန်လူမျိုးများ ဆင်းရဲချမ်းသာမရွေး ချယ်ရီပန်းကြည့် ထွက်ကြသည့် အကြောင်းကို အထက်က ရေးဖူးခဲ့ပါပြီ။ သူတို့သည် ချယ်ရီပန်းကိုကြည့်၍၊ ချယ်ရီရိပ်ကို ခို၍၊ ပျော်ကြရွှင်ကြ စားသောက်ကြပုံမှာ သင်္ကြန်ရက်အတွင်း ရေပက်ခံထွက်ကြသော မြန်မာတို့နှင့် တူသည်ဟုဆိုလျှင် မှားလှမည် မထင်ပါ။ သို့သော်လည်း ဂျပန်တို့သည် ချယ်ရီပင်ကိုမတက်၊ ချယ်ရီခက်ကိုမချိုး။ ရင်မှာပျိုးသော သားသဖွယ် ကြည့်ရှုယုယကြပါသည်။
နာရာခရိုင်အတွင်း ယိုသျှိနိုတောင်ထွတ်သည်ကား ချယ်ရီပန်းရှုစခန်းတို့တွင် အကျော်စောဆုံးဖြစ်ပါသည်။ ယခု စာဆိုကြီးဗသျှိုးသည် တောင်ဝှေးစွဲလျှက်၊ ကျောပိုးအိတ်ဆောင်လျှက်၊ သစ်ခေါက်ခမောက်ဆောင်းလျှက် ယိုသျှိနိုသို့ တစ်ယောက်ထီးတည်း ရှေ့ရှုသွားနေပါသည်။ ဒေ၀ဒါရုခေါ် နတ်ထင်းတစ်မျိုး၏ အခေါက်နှင့် လုပ်ထားသည့် ခမောက်ကို သူအားနာပုံရသည်။ သူစိတ်ထင်ရာ သွားသမျှ သူ့ခမောက်မှာ နေပူမရှောင် မိုးရွာမရှောင် လိုက်ရသည်။ ထို့ကြောင့် ဒီတစ်ခါမူ သူက နတ်ထင်းခမောက်ရယ်ဟု အာလုတ်ပြုကာ ယိုသျှိနို တောင်ထွတ်ကို ရောက်သည့်အခါ ချယ်ရီပန်းကို ပြပါလိမ့်မယ်ဟု နှစ်သိမ့်စကား ပြောသည့်အနေဖြင့် ဤဟိုက္ကူကို ရေးပါသည်။
 _______________________________________

၄၄
မြင်လိုချင်လျှက်ပါ
အရုဏ်ကျင်းသည့် ချယ်ရီမှာ
နတ်မင်း ရွှေမျက်နှာ။     ။
ဗသျှိုး

ဤဟိုက္ကူမှာ ရှေးသမိုင်းဟောင်းကို အခြေပြုပါသည်။ တစ်ရံရောအခါက ဇော်ဂျီတစ်ဦးသည် ယိုသျှိနိုအနားတွင် တံတားဆောက်ချင်သည်။ ထို့ကြောင့် တောင်စောင့်နတ်တစ်ဦးထံ အကူအညီတောင်းသည်။ ထိုတောင်စောင့်နတ်၏ မျက်နှာမှာ အလွန်ကြောက်ဖွယ်ကောင်းသည်။ ထို့ကြောင့် နတ်မင်းသည် ညဥ့်မှောင်ရိပ်တွင်သာ တံတားကိုဆောက်သည်ဟု ရှေးသမိုင်းထွက်စကား ရှိသည်။
ယခုဗသျှိုးသည် ချယ်ရီပန်းကြည့်ရန် ယိုသျှိနို ခရီးအကြားတွင်ရောက်နေသည်။ ထိုမျှလှပသော တောတောင်၊ ထိုမျှ ကြည်ညွတ်ဖွယ်ကောင်းသော ချယ်ရီပန်းတောတွင် ထိုတောင်စောင့်နတ်၏မျက်နှာ ကြောက်ဖွယ်ကောင်းသည် ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။ ဗသျှိုး သံသယ ဖြစ်သည်။ ထို့ကြောင့် အရုဏ်ရောင်နီတွင် ချယ်ရီပန်းများအကြား၌ ဟိတိုကို တိုနုသျှို နတ်မင်း၏ မျက်နှာကို မြင်ချင်လျှက်ရှိကြောင်း တမ်းတလိုက်ခြင်း ဖြစ်ပါသည်။
 _________________________________________

၄၅
များစွာ များစွာသာ
အရာတို့ကို အောက်မေ့သွား
ချယ်ရီကြောင့်တကား။     ။
ဗသျှိုး

ဗသျှိုးသည် ဒုတိယခရီးရှည်တွင် ငယ်စဉ်က ဆမူရအိသူရဲကောင်းအဖြစ် အမှုထမ်းခဲ့ရာ အရပ်ကိုဝင်သည်။ မိမိနှင့် ဟိုက္ကူရေးဖက် (ကွယ်လွန်သူ) အရှင့်သားနှင့် ဟိုက္ကူအကြောင်း ဆွေးနွေးခဲ့ရာဖြစ်သော ချယ်ရီပင်များအောက်တွင် ထိုင်သည်။ ထိုအခိုက်တွင် ရင်ဖွင့်လိုက်သည်ကား အထက်ပါ ဟိုက္ကူပင်တည်း။
 ____________________________________

၄၆
နေ့တာရှည်သမျှ
တေးချင်းဆို၍ အားမရ
ဗီလုံးငှက်ငယ်ပါ့။     ။
ဗသျှိုး

ရောင်နီလာမှစ၍ နေ၀င်ဖျိုးဖျထိတိုင်အောင် ကောင်းကင်တွင် အတောင်ခတ်ကာ ဗီလုံးငှက်ငယ် တေးဆိုသည်။ သို့သော် ကျေနပ်အားရပုံမပေါ်။ ထို့ကြောင့် ဗသျှိုးက လုံ့လ၀ီရိယ ကြီးပါပေသည်တကားဟု ချီးမွမ်းလိုက်သလား။ သို့တည်းမဟုတ် လွန်လှချေကလားဟု ကဲ့ရဲ့လိုက်သလား။ နှစ်ခုစလုံး ဖြစ်နိုင်ပါသည်။
 _____________________________________

၄၇
အလှမြစ်ဖျားခံ
အညာကျေးလက် လယ်တောယံ
ကောက်စိုက်မ တေးသံ။     ။
ဗသျှိုး

အထက်ဟိုက္ကူတွင် အလှဆိုသောနေရာ၌ ကဗျာဟူ၍လည်း တချို့အနက်ဆိုကြသည်။ အဖွင့်စကားလည်း အမျိုးပြားသည်။ ကျဉ်းကျဉ်းတိုတိုမှာကား တစ်ခါသော် ဗသျှိုးသည် မိတ်ဆွေတစ်ဦးနှင့် စကားပြောနေသည်။ မိတ်ဆွေက အယဉ်အလှ ကဗျာသီချင်းတို့ကို ကျေးလက်ဒေသတွင် တွေ့ရပါမည်လားဟု သံသယစကား ဆိုသည်။ ပညာရှင်နှစ်ဦး အချေအတင်ဆွေးနွေးနေခိုက် ကောက်စိုက်သမတို့၏ တေးသံသည် ဗသျှိုးထံသို့ ရောက်လာသည်။ ဗသျှိုးသည် အဖြေကို ဝေးဝေးလံလံ ရှာရန်မလိုတော့ပြီ။ စုတ်တံကို ကောက်ကိုင်၍ အထက်ပါဟိုက္ကူကိုရေးကာ အဖြေပေးလိုက်သည်။ ကဗျာရဲ့မူလ၊ ရွှေညာကျေးလက် လယ်တောက၊ ကောက်စိုက် တေးသံပါ   တဲ့။
 ____________________________________

၄၈
ဆင်းရဲသား သူငယ်
စပါးကြိတ်စ ပြုပြီကွယ်
လကို ကြည့်လို့ရယ်။     ။
ဗသျှိုး

ဗသျှိုးသည် ခရီးရှည်ထွက်၍ ဘ၀ကို လေ့လာသောအခါ လောကဓံအမျိုးမျိုးကို တွေ့ရသည်။ ယခု ဆင်းရဲသား လူငယ်တစ်ဦးကို သူတွေ့သည်။ ညဦးလရောင်ထဲတွင် သူငယ်တို့ဘာဝ သူ့ခမျာ သွားလာလှုပ်ရှားချင်လိမ့်မည်။ သို့သော်လည်း သူ့ဘ၀တွင် ဤအခွင့်အရေးကိုမပေး။ ထို့ကြောင့်သူသည် ကြိတ်ဆုံတွင် စပါးကို ကြိတ်သည်။ သူ့အတွက် ဖြေဖျော်စရာ အဖေါ်အပေါင်းကား ကောင်းကင်က လမင်းကြီးသာတည်း။ မသာလည်းတ၊ သာလည်းတ၊ ဖိုးလ ငွေသော်တာ။
____________________________________

၄၉
ကန်စွန်းနွယ် ပင်ရင်း
ဆန်ဖွပ်သမား မောဖြေခြင်း
သနားဖွယ် ရှုခင်း။    ။
ဗသျှိုး

ခြံစည်းရိုးပေါ်တွင် ကန်စွန်းနွယ်ပွင့်များ လန်းလန်းဆန်းဆန်း ပွင့်နေကြသည်။ ခြံစည်းရိုးအနား ကန်စွန်းနွယ်ပင်ရင်းတွင် လူတစ်ယောက် ဆန်ဖွပ်နေသည်။ ယခု ကျည်ပွေ့သံ ခဏရပ်သွားသည်။ ဆန်ဖွပ်သမားသည် နဖူးက တွေတွေစီးနေသော ချွေးကိုသုတ်ရင်း နေပူလောင်တွင် ရဲရဲရင့်ရင့် ပွင့်လန်းနေကြသော ကန်စွန်းနွယ်ပွင့် နုနုလေးများကိုကြည့်ကာ အားကျနေပုံရသည်။ ကန်စွန်းနွယ်ပွင့်က နုနုနှင့် ခံနိုင်ရည်ရှိသည်။ မိမိက ကြမ်းကြမ်းနှင့် ခံနိုင်ရည်မရှိ။ ရှက်ဖွယ်၊ ရှက်ဖွယ်။ မိမိကိုယ်ကို တရားချ၍ နှစ်သိမ့်စေသည်။ သို့သော်လည်း စာဆိုအနေနှင့်ကား ဤဖြစ်ရပ်သည် သနားဖွယ် ဖြစ်နေတော့သည်။
 _______________________________________

၅၀
ရွက်သစ် ဝေပါပြီ
ကိုယ်တော့်ယိုစီး ကျမျက်ရည်
သုတ်နိုင်ချင်ဘိသည်။     ။
ဗသျှိုး

ဤဟိုက္ကူ၏ နောက်ခံသမိုင်းကား ဤသို့ဖြစ်သည်။ ဂျပန်ပြည်၊ ရှေးဟောင်းနေပြည်တော် နာရာမြို့တွင် သျှိုးဒအိဂျိဝတ်ကျောင်း ရှိပါသည်။ ဤ၀တ်ကျောင်းကို တရုတ်ရဟန်းတော် ကန်ဂျင်(ဂန်ရှင်)က တည်ထောငိခဲ့ပါသည်။ သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရဟန်းတော်သည် တရုတ်ပြည်မှ ဂျပန်ပြည်သို့ သာသနာပြုရန် ပင်လယ်ကိုဖြတ်၍ လာရသည်။ ပင်လယ်ခရီးကြမ်းတွင် ဒုက္ခအမျိုးပေါင်း ၇၀ ကျော် တွေ့ခဲ့ရသည်။ ပင်လယ်လေငန်ထိ၍ မျက်စေ့လုံးဝကွယ်ရသည်။
ဗသျှိုးသည် ခရီးရှည်လှည့်ခိုက် သျှိုးဒအိဂျီဝတ်ကျောင်းတွင် ကန်ဂျင်ကိုယ်တော်ကြီး၏ ပုံတော်ကို ဖူးမြော်သောအခါ ဤသမိုင်းအကြာင်းအချက်ကို သတိရ၍ အထက်ပါ ဟိုက္ကူကို ဖွဲ့ဆိုခဲ့ပါသည်။
ဗသျှိုးဖူးမြှော်ခဲ့သည့် ကန်ဂျင် ကိယ်တော်ကြီး၏ ပုံတော်ကို ယနေ့တိုင် ဖူးနိုင်ပါသေးသည်။ မကြာသေးမီအတွင်းက ဤပုံတော်ကို ပြင်သစ်ပြည် ပါရီမြို့၌ တခမ်းတနား ပြသ အပူဇော်ခံခဲ့ပါသေး၏။

__________________  ဆက်ပါဦးမယ်  ____________________

0 comments:

Post a Comment